DVB Logo
Home
မြန်မာသတင်း
ဘန်းချောင်းကျောက်မီးသွေးတွင်း ထာဝရ ရပ်ပေးရန် ဒေသခံများ တောင်းဆို
DVB
·
May 13, 2019
ဘန်းချောင်းကျောက်မီးသွေးတွင်း ထာဝရ ရပ်ပေးရန် ဒေသခံများ တောင်းဆို
1 / 4
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ရှိ ဘန်းချောင်းကျောက်မီးသွေးတွင်း ရပ်ဆိုင်းခဲ့တာ မေလ ၁၁ ရက်နေ့က ၂ နှစ် ပြည့်မြောက် ပြီဖြစ်ပါတယ်။ ဒါပေမယ့် စွန့်ပစ်ကျောက်မီးသွေး မြေစာပုံတွေကနေ မီးလောင်နေဆဲဖြစ်ပြီး  အနံ့ဆိုးတွေ ထွက်နေဆဲဖြစ်ပါတယ်။

ဒေသခံတွေကတော့ မေလ ၁၁ ရက်က စုစည်းပြီး ဘန်းချောင်းကျောက်မီးသွေးတွင်း ရပ်ဆိုင်းခြင်း  ၂ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ စုပေါင်း ဆုတောင်းပွဲတရပ်ပြုလုပ်ခဲ့ပြီး ဘန်းချောင်းကျောက်မီးသွေးတွင်း ထာဝရ ရပ်တန့်ရေးနဲ့ ကျောက်မီးသွေးတူးဖော်မှု အလိုမရှိ စတဲ့ ကြွေးကြော်သံတွေနဲ့ တောင်းဆိုခဲ့ကြပါတယ်။

ဒီဆုတောင်းပွဲကို  ဘန်းချောင်းဒေသ ကွမ်းချောင်းကြီးကျေးရွာရှိ ကျောက်မီးသွေး မိုင်း အနီးမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ဘန်းချောင်းအတွင်းရှိ ကျးရွာတွေက  ရပ်မိရပ်ဖ ၁၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ပါတယ်။

ဒေသခံတဦးဖြစ်သူ နော်အယ်သလေးဝါးက  “ကျမတို့ ကြွေးကြော်သံတခုက ဘန်းချောင်း ကျောက်မီးသွေးမိုင်း ထာဝရရပ်၊ ကျောက်မီးသွေးတူးဖော်ခြင်းအလိုမရှိ စတဲ့အဓိက ၂ ချက်ကို ကြွေးကြော်ခဲ့ကြတယ်” လို့ ပြောပါတယ်။

ဒီဆုတောင်းပွဲမှာ သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုမှ ကင်းဝေးရေး၊ လူမှုရေး မမျှတမှုမှ ကင်းဝေးရေး၊ ဌာနေတိုင်းရင်းသားများရဲ့ဘ၀ လုံခြုံမှုရှိရေး၊ အခြားနေရာဒေသသို့ ပြောင်းရွှေ့ခြင်းမှ ကင်းဝေးပါစေ  အစရှိတဲ့အချက်တွေကို စုဝေး ဆုတောင်းခဲ့ကြပါတယ်။

ဒါ့အပြင် ဘန်းချောင်းကျောက်မီးသွေးတွင်း ထာဝရ ရပ်ပေးလို့လည်း ဒေသခံတွေက လက်မှတ်ထိုးပြီး လာမယ့် ရက်ပိုင်းမှာ နိုင်ငံတော်သမ္မတထံ စာပေးပို့ တောင်းဆိုသွားမယ်လို့ လည်း တာကပေါ်လူငယ်အဖွဲ့က စီမံကိန်းတာဝန်ခံ နော်ဆေးအယ်မူးက ပြောပါတယ်။

“ကျမတို့ သမ္မတဆီကိုလည်း စာတင်သွားဖို့ရှိတယ်။ အခု ဒီတရက်နှစ်ရက်အတွင်းမှာ တင်မှာပေါ့နော်။ တင်မယ်ဆိုတာက လက်မှတ်တော့ထိုးပြီးသွားပြီ ဒေသခံတွေကလေ။ အဲဒါ စာပို့ဖို့ပဲ ရှိတော့တာပေါ့နော်။ အဓိကအားဖြင့် ဘန်းချောင်းကျောက်မီးသွေးတွင်း ထာဝစဉ် ရပ်ဆိုင်းပေးဖို့ရယ်။ နောက်ပြီးတော့ မီးလောင်တဲ့ဟာကို ငြိမ်းသတ်ပေးဖို့ရယ်ပေါ့။”

ဘန်းချောင်းကျောက်မီးသွေးတွင်းဟာ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်မှာ တည်ရှိပြီး ကျောက်မီးသွေး တူးဖော်မှုကို ကွမ်းချောင်းကြီးကျေးရွာရှိ ၆၀ ဧက အကျယ်မြေပေမှာ ဟင်းလင်းဖွင့် တူးဖော်စနစ်နဲ့ စတင်ခဲ့တာဖြစ်ပါတယ်။

ဒီလုပ်ငန်းစတင်ချိန်ကစပြီး ကျောက်မီးသွေး တူးဖော်မှုမှ ထွက်လာသော စွန့်ပစ်ပစ္စည်း တွေကြောင့် လေထုနဲ့ရေထုကို ညစ်ညမ်းစေပြီး ဒေသခံတွေရဲ့ စိုက်ပျိုးမြေနဲ့ ဥယျာဉ်ခြံမြေ တွေလည်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပါတယ်။

ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ရှိသလို  လူ့ကျန်းမာရေးထိခိုက်မှုတို့လည်း ကြီးစွာ ဖြစ်ပေါ်ခဲ့ပြီး  ကျန်းမာရေး စစ်ဆေးခဲ့သော ကျေးရွာသူကျေးရွာသား ၇၂ ရာခိုင်နှုန်းမှာ အသက်ရှု လမ်းကြောင်း ဆိုင်ရာရောဂါများဖြစ်ပွားနေပြီး ကြွက်သားနာကျင်ခြင်း၊ အရေပြား အနာနှင့် အဖုအပိန့်များထွက်ခြင်း၊ ကျောက်ကပ်နှင့် ကျောက်ကပ်ဆိုင်ရာ ပြဿနာများဖြစ်ပွားခြင်း၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ပြဿနာများ၊ သွေးနှင့် နှလုံးဆိုင်ရာ ပြဿနာများလည်း မြင့်မားစွာ တွေ့ခဲ့ရတယ်လို့ ဒေသခံခတွေက ထုတ်ပြန်ထားပါတယ။

ဒေသခံတွေရဲ့ကန့်ကွက်မှုကြောင့် စီမံကိန်းကို ၂၀၁၇ ခုနှစ် မတ်လက ရပ်ဆိုင်းထား ခဲ့ပေမယ့် ကျောက်မီးသွေးတွင်းနဲ့ နီးကပ်စွာ တည်ရှိနေတဲ့ ဒေသခံများမှာ ကျောက်မီးသွေးတွင်းမှ ဆက်လက် ထွက်ရှိနေဆဲဖြစ်တဲ့ ညစ်ညမ်းစွန့်ပစ်ပစ္စည်းများကြောင့် ဘေးဒုက္ခဆက်လက်ခံစား နေရဆဲ ဖြစ်ပါတယ်။

ကျောက်မီးသွေး စွန့်ပစ်မြေစာပုံမှာ ၂၀၁၅ ခုနှစ်ကတည်းကနေ့ အခုချိန်ထိ  မီးဆက်လောင် နေဆဖြစ်ပြီး လေထုအတွင်း အနံ့ဆိုးတွေ ထုတ်လွှတ်ခြင်း၊ လှောင်ကန်လျှံကျမှုကြောင့် ကျေးရွာမြေ နှင့် ဥယျာဉ်များ ပျက်စီးရခြင်းတို့ ဆက်လက်ဖြစ်ပွားနေကြောင်းလည်း ဒေသခံတွေက ထုတ်ပြန်ထားပါတယ်။

ဒီစီမံကိန်း ရပ်ဆိုင်းထားပေမယ့်လည်း ကုမ္ပဏီ အနေနဲ့ လက်ရှိ လုပ်ကိုင်ခွင့်ရရှိထားမှုကို ဆက်လက်လုပ်ငန်းချဲ့ဖို့ ကြိုးပမ်းနေပေါတယ်။

“အကယ်၍သာကျောက်မီးသွေးတူးဖော်ခြင်းကို မူလလုပ်ကိုင်ခွင့် ရထားသည့်အတိုင်း ဆက်လက်လုပ်ကိုင်လာပါက ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် မြန်မာ တပ်မတော်တို့ အကြား နှစ်ပေါင်းများစွာ ပဋိပက္ခနယ်မြေအဖြစ် တည်ရှိခဲ့သော  ဘန်းချောင်းဧရိယာ အတွင်းရှိ ကျေးရွာ ၂၂ ရွာမှ လူဦးရေ ၁၆၀၀၀ ၀န်းကျင်ထိခိုက်ခံစားရမည်” လို့လည်းထုတ်ပြန်ထားပါတယ်။

ဘန်းချောင်းကျောက်မီးသွေးတွင်းကို ၂၀၁၀ ခုနှစ်တည်းက East Star နဲ့ Thai Asset ကုမ္ပဏီတို့က ကွမ်းချောင်းကြီးကျေးရွာ မြေဧက ၆၀ ကျောက်မီးသွေးတူးဖော်မှုကို လုပ်ကိုင်လာခဲ့ တာဖြစ်ပါတယ်။

ကျောက်မီးသွေးတွင်း စွန့်ပစ်ရေဆိုးတွေကြောင့် ပတ်ဝန်းကျင်လေထု၊ ရေထုညစ်ညမ်းတာ ဖြစ်ပေါ်ကာ ဒေသခံတွေ အသက်မွေးဝမ်းကျောင်း ထိခိုက်လာတဲ့အတွက် ကန့်ကွက်မှုများကြောင့် ၂၀၁၇ ခုနှစ်၊ မေလမှာ တနင်္သာရီ တိုင်းဒေသကြီး အစိုးရက ယာယီ ပိတ်သိမ်းခဲ့ပါတယ်။

ဘန်းချောင်းဒေသမှာ ကျေးရွာပေါင်း ၂၂ ရွာရှိပြီး စုစုပေါင်း လူဦးရေ ၁၆,၀၀၀ ကျော်နေထိုင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013