DVB Logo
Home
Lead Story
ထောင်ဆူမှုများ၏ လက်သည်တရားခံ ဘယ်သူလဲ (အယ်ဒီတာအာဘော်)
DVB
·
May 13, 2019
ထောင်ဆူမှုများ၏ လက်သည်တရားခံ ဘယ်သူလဲ (အယ်ဒီတာအာဘော်)
Donate to DVB

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က နှစ်ဆန်း ၁ ရက်ကစပြီး တလတာကာလအတွင်း လွတ်ငြိမ်းသက်သာခွင့် သုံးကြိမ်ပေးခဲ့သည်။

နိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၂၃၀၀၀ ကျော် သမ္မတ လွတ်ငြိမ်းသက်သာခွင့်နှင့် လွတ်မြောက်ခဲ့ကြသည်။

လွတ်ငြိမ်းအများစုသည် မူးယစ်အမှုဖြင့် အကျဉ်းကျခံနေရသူများဖြစ်ပြီး ယင်းသည် အစိုးရက ၂၀၁၈ ခုနှစ်တွင် ပြင်ဆင်ခဲ့သည့် မူးယစ်ဥပဒေနှင့်အညီ လုပ်ဆောင်ခြင်းလည်း ဖြစ်သည်။

သမ္မတက မြန်မာနှစ်သစ်တွင် ပြည်သူအများစု နှလုံးစိတ်ဝမ်း အေးချမ်းစေရန်၊ ငြိမ်းချမ်းသာယာရေးကို အထောက်အကူပြုစေရန် စသည့် ရည်ရွယ်ချက်ကောင်းများနှင့် လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

သို့သော် သမ္မတ၏ ပထမဆုံး နှစ်ဆန်း ၁ ရက် လွတ်ငြိမ်းခွင့်တွင်ပင် ထောင်ဆူမှုများ စတင်ဖြစ်ပွားခဲ့တာ တွေ့မြင်ခဲ့ရသည်။

ဒုတိယအကြိမ် လွတ်ငြိမ်းခွင့်တွင်မူ ဆက်လက် လွတ်ငြိမ်းခွင့်ပြုရန် ရှိသေးသည်ဟု ဖော်ပြပါရှိသဖြင့် ထောင်ဆူမှု မဖြစ်ပွားခဲ့သည်ကိုလည်း တွေ့မြင်ခဲ့ရသည်။

မေလ ၇ ရက် နောက်ဆုံးအကြိမ် လွတ်ငြိမ်းခွင့် ကြေညာအပြီး မေ ၈ နှင့် ၉ ရက်တို့တွင်မူ ထောင် ၇ ခုတွင် ထောင်ဆူမှုများ အကြီးအကျယ် ဖြစ်ပွားခဲ့ပြီး ရွှေဘိုထောင်တွင် လူ ၄ ဦး သေဆုံးသည်အထိ ဖြစ်ခဲ့သည်။

ထူးဆန်းသည်မှာ ထောင်ဆူမှုများအတွင်း တထောင်နှင့်တထောင် ဝေးကွာသော်လည်း တောင်းဆိုချက်များရော တောင်းဆိုပုံ တောင်းဆိုနည်းပါ ထပ်တူ တူညီနေခြင်းဖြစ်သည်။

နောက်ဆုံး သမ္မတရုံးက မေ ၉ ရက်တွင် အကျဉ်းထောင်ဆူပူမှုများသည် ချိတ်ဆက်မှုများနှင့် သွေးထိုးလှုံ့ဆော်မှုများ ရှိနေသဖြင့် ဖြစ်စဉ်မှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးမည်ဟု သတင်းထုတ်ပြန်လာသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ထောင်ဆူမှုတွင် မူးယစ်အမှုတွဲများ လွတ်ငြိမ်းခွင့်ပြုမှု၌ ပြဿနာအရင်းတည်သည်ဟု သုံးသပ်ပြောဆိုသည်။

ပမာဆိုရလျှင် မူးယစ်ဆေး လက်ဝယ်ထား ရောင်းချသူကို ဖမ်းဆီးရာတွင် အနီးရှိ အတူနေသူလည်း ဖမ်းဆီးခံရပြီး ပြစ်ဒဏ်တန်းတူ ချမှတ်ခံရသည်။ ယခု လွတ်ငြိမ်းသက်သာခွင့်တွင် လက်ဝယ်ထား ရောင်းချသူက လွတ်မြောက်သွားပြီး အနီးနေ အတူရှိသူက လွတ်ငြိမ်းခွင့်မရဘဲ ကျန်ရှိနေသည့်ဖြစ်ရပ်မျိုး ဖြစ်ပေါ်ခဲ့သည်။

လွတ်ငြိမ်းခွင့်ပြုရာတွင် သမ္မတရုံး၊ တရားရုံးချုပ်၊ ဥပဒေချုပ်ရုံး အစရှိသည့် ဌာနများက စိစစ်ရေးအဖွဲ့များ ဖွဲ့စည်းစိစစ်ခြင်း မပြုဘဲ အကျဉ်းဦးစီးဌာန တခုတည်းက စိစစ်ပြီး လွှတ်ပေးလိုက်ဟန်ရှိကာ ယခုလို ထောင်ဆူမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟု မြင်ရသည်။

ထို့အပြင် အကျဉ်းထောင် တာဝန်ရှိသူများ၏ ထောင်စည်းကမ်းလျော့ရဲမှု၊ လုံခြုံရေး ကျိုးပေါက်မှုကြောင့် ဆူပူမှုကို ဖုန်းကနေ တိုက်ရိုက်ထုတ်လွှင့်မှုမျိုး ဖြစ်ပွားခဲ့ရာ ခြုံကြည့်လျှင် ထောင်ဆူမှုများ၏ နောက်ကွယ်တွင် လက်သည်တရားခံများ ရှိမည်ဟု ယူဆနိုင်သည်။

သမ္မတ၏ အဖြူရောင်စေတနာ လွတ်ငြိမ်းခွင့်သည် အကျဉ်းထောင် တာဝန်ရှိသူများ၏ အဂတိလိုက်စားမှု၊ တာဝန်ပေါ့လျော့မှုများကြောင့် သွေးစွန်းခဲ့ရသည်။ ယင်းဖြစ်ရပ်ကို သင်ခန်းစာယူပြီး အနာဂတ်တွင် အလားတူဖြစ်ရပ်မျိုး ထပ်မံမဖြစ်စေရန် အစိုးရအနေဖြင့်   ပြတ်သားစွာ ကိုင်တွယ် အရေးယူရန် တိုက်တွန်းလိုက်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013