DVB Logo
Home
မြန်မာသတင်း
လောဘနှင့်မုန်းတီးမှု လျှော့ချရန် ကုလသမဂ္ဂ ဗုဒ္ဓနေ့တွင် သမ္မတ ဦးဝင်းမြင့်မိန့်ခွန်းပြော
DVB
·
May 13, 2019
လောဘနှင့်မုန်းတီးမှု လျှော့ချရန် ကုလသမဂ္ဂ ဗုဒ္ဓနေ့တွင် သမ္မတ ဦးဝင်းမြင့်မိန့်ခွန်းပြော
1 / 6
Donate to DVB

တည်ငြိမ်အေးချမ်းသည့်ကမ္ဘာကြီး တည်ဆောက်နိုင်ရေး ဘာသာအသီးသီးရဲ့ အဆုံးအမ ဖြစ်တဲ့ လောဘနဲ့ မုန်းတီးမှုတွေ လျှော့ချကြဖို့ သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းလိုက်ပါတယ်။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ရောက်ရှိနေတဲ့ သမ္မတ ဦးဝင်းမြင့်က မနေ့ မနက်ပိုင်းက ဟနမ်ပြည်နယ် Tam Chuc International Buddhist Convention Center မှာ ကျင်းပတဲ့ ၁၆ ကြိမ်မြောက် ကုလသမဂ္ဂဗုဒ္ဓနေ့ ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့တာပါ။

“တည်ငြိမ်အေးချမ်းသည့်ကမ္ဘာကြီး တည်ဆောက်နိုင်ရေးအတွက် ဘာသာရေး သည် အရေးကြီးသည့် အခန်းကဏ္ဍကနေ ပါဝင်နေပါကြောင်း၊ ကမ္ဘာပေါ်ရှိ ဘာသာတရားတိုင်းသည် မိမိတို့ကိုယ်တိုင် ကောင်းစွာထိန်းသိမ်းရန်၊ အခြားသူများကို လေးစားရန်၊ လောဘနှင့် မုန်းတီးမှုများ လျှော့ချရန်နှင့် ချုပ်ငြိမ်းရန် အသီးသီး ဆုံးမခဲ့ကြပါကြောင်း၊ မိမိတို့သည် ကိုယ်ယုံကြည်ရာ ဘာသာတရား၏ အဆုံးအမများကို ကျင့်ကြံလိုက်နာအားထုတ်ကြမည်ဆိုလျှင် သဟဇာတမျှတသည့် လူမှုအဖွဲ့အစည်းများ၊ ထိုမှတဆင့် ငြိမ်းချမ်းသာယာဝပြောသည့် ကမ္ဘာကြီးကို တည်ဆောက်နိုင်ကြမည် မလွဲဖြစ်ပါကြောင်း၊ ထို့ပြင် လူသားအားလုံးအနေဖြင့် မေတ္တာ၊ အနှိုင်းမဲ့ ကရုဏာနှင့် ခန္တီတရားတို့ လက်ကိုင်ထားပါက ဘုံရည်မှန်းချက်ဖြစ်သည့် တကမ္ဘာလုံး ငြိမ်းချမ်းမှု၊ ချမ်းသာကြွယ်ဝမှုတို့ကို ပေးစွမ်းနိုင်ကြမည်မှာ မလွဲပါကြောင်း။”

ဗုဒ္ဓနေ့ အခမ်းအနားတွေကနေ မတူကွဲပြားတဲ့ ယဉ်ကျေးမှု၊ ဘာသာတရားနဲ့ လူမှု အဖွဲ့အစည်းတွေမှာရှိတဲ့ ပြည်သူများအကြား အပြန်အလှန်နားလည်မှု မြှင့်တင်ရေးနဲ့ ငြိမ်းချမ်းမှုကို မြတ်နိုးတဲ့ ယဉ်ကျေးမှု စိတ်ဓာတ်အခြေခံကို ပြန်လည်နှိုးဆွဖန်တီးပေးနိုင်ဖို့ အထောက်အကူပြု လိမ့်မယ်လို့ ယုံကြည်ကြောင်း သမ္မတက ပြောပါတယ်။

အခမ်းအနားမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ သဝဏ်လွှာ မှတ်တမ်းဗွီဒီယိုကို ပြသခဲ့ပြီး ဗီယက်နမ် အမျိုးသားဗုဒ္ဓသံဃအဖွဲ့ ဗဟိုနာယကနဲ့ ဗီယက်နမ်ဝန်ကြီးချုပ်တို့က ကုလသမဂ္ဂ ဗုဒ္ဓနေ့ဆိုင်ရာ မိန့်ခွန်းပြောကြားခဲ့ကြပါတယ်။

ဂေါတမမြတ်စွာဘုရား ဖွားမြင်တော်မူတဲ့နေ့၊ သဗ္ဗညုတဉာဏ်တော်ရရှိတဲ့နေ့ မဟာပရိနိဗ္ဗာန် စံဝင်တဲ့နေ့တို့ဖြစ်ပေါ်ခဲ့တဲ့ နေ့ထူးနေ့မြတ် ကဆုန် လပြည့်နေ့ကို ကုလသမဂ္ဂ ဗုဒ္ဓနေ့အဖြစ် သတ်မှတ်ခဲ့ပြီး ပထမဆုံးအကြိမ် ကုလသမဂ္ဂ ဗုဒ္ဓနေ့အခမ်းအနားကို ၂ဝဝဝ ပြည့်နှစ်က နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ်မှာ စတင်ကျင်းပခဲ့တာပါ။

၁၆ ကြိမ်မြောက် ကုလသမဂ္ဂဗုဒ္ဓနေ့ အခမ်းအနားကို ဗီယက်နမ်နိုင်ငံမှာ မေ ၁၂ ရက်ကနေ ၁၄ ရက်အထိ ကျင်းပနေတာဖြစ်ပြီး ကမ္ဘာ့တ၀ှမ်းရှိ နိုင်ငံပေါင်း ၁၁၃ နိုင်ငံမှ ဗုဒ္ဓဘာသာဝင်ကိုယ်စားလှယ် ၁၆ဝဝ ကျော်နှင့် ဗီယက်နမ်နိုင်ငံမှ ဗုဒ္ဓဘာသာဝင် ၂ဝဝဝဝ ကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013