DVB Logo
Home
မေးမြန်းခန်း
အစိုးရနဲ့ ယူအန်အက်ဖ်စီ လမ်းပြမြေပုံချင်း ညှိနှိုင်းကြရမယ်
DVB
·
November 6, 2012
အစိုးရနဲ့ ယူအန်အက်ဖ်စီ လမ်းပြမြေပုံချင်း ညှိနှိုင်းကြရမယ်
Donate to DVB

တိုင်းရင်းသားအဖွဲ့အစည်း ၁၁ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးစုများဖယ်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) နဲ့ အစိုးရအကြား လာမယ့်ဒီဇင်ဘာမှာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမယ်လို့ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောဆိုထားပါတယ်။

ဒါကြောင့် ဒီတွေ့ဆုံပွဲမှာ နှစ်ဘက်စလုံးက ကိုင်စွဲထားတဲ့ မူဝါဒတွေကို ညှိနှိုင်းကြရလိမ့်မယ်လို့ ယူအန်အက်ဖ်စီ ပြောခွင့်ရသူ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။ ဗိုလ်မှူးကြီးခွန်ဥက္ကာကို ကိုအောင်ဇော်ထက်က မေးမြန်းထားပါတယ်။



[caption id="attachment_30904" align="alignright" width="300" caption="ဗိုလ်မှူးကြီးခွန်ဥက္ကာ "][/caption]

ဟိုတုန်းကတည်းက သမိုင်းအဆက်ဆက်အငြင်းပွားနေတဲ့ ဖက်ဒရယ် ကိစ္စပေါ့နော်။ ဖက်ဒရယ်ဆိုတာဟာ ၀ါဒဖြန့်ခဲ့တာက ပြည်ထောင်စုကနေခွဲထွက်ရေးလို့ လူတော်တော်များများက နားလည်ထားကြတယ်။ ဒီတခါ ငြိမ်းချမ်းရေးယူပြီဆိုရင် ဘယ်လိုသဘောထားများရှိလဲ။ ဘယ်လိုသုံးသပ်ထားပါလဲ။


“ဖက်ဒရယ်တခုတည်းကို ဒီနေရာမှာ မပြောချင်သေးဘူး။ ကျနော်တို့ သုံးသပ်တာက သမ္မတကြီး ဦးသိန်းစိန်ကိုယ်တိုင်က တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုရင်၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမယ်ဆိုရင် လမ်းပြမြေပုံ သဘောမျိုး ၈ ချက် ထုတ်ထားတာရှိတယ်။ သမ္မတကြီးရဲ့ လမ်းပြမြေပုံ ၈ ချက်က နိုင်ငံရေးအတွက် အဆင်မပြေဘူး။ ဒါကြောင့် တိုင်းရင်းသားတွေ အားလုံးစုပေါင်းပြီးတော့ ယူအန်အက်ဖ်စီလည်းပါတယ်၊ ယူအန်အက်ဖ်စီအဖွဲ့ဝင်မဟုတ်တဲ့ တိုင်းရင်းသားအဖွဲ့တွေလည်းပါတယ်၊ လူထုလူတန်းစားတွေလည်း ပါတဲ့ လွန်ခဲ့တဲ့လက ကျင်းပတဲ့ တိုင်းရင်းသားညီလာခံကနေ လမ်းပြမြေပုံ အချက် ၆ ချက် ပြန်ထုတ်တာရှိပါတယ်။ အဲ့ ၆ ချက်နဲ့ သမ္မတကြီးရဲ့ အချက် ၈ ချက်မှာ အဓိကအငြင်းပွားပြီး ခက်ခဲနိုင်တာက တဖွဲ့မှာ ၂ ချက်စီရှိမယ်လို့ မြင်တယ်။

“သမ္မတကြီး ဦးသိန်းစိန်ဘက်က ခက်ခဲပြီး လက်ခံဆွေးနွေးဖို့ ခက်မယ့် အချက်က ဘာလဲဆိုတော့ ကျနော်တို့ ယူအန်အက်ဖ်စီဘက်က တင်ထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မယ်ဆိုတာနဲ့ တိုင်းရင်းသားတွေအတွက် တန်းတူညီ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ နိုင်ငံရေး စကားလုံး ၂ ခုအပေါ်မှာ အခက်အခဲရှိနိုင်တယ်။ ကျနော်တို့ ရိပ်မိတယ်။ ထို့အတူပဲ တိုင်းရင်းသားတွေဘက်က လက်ခံဆွေးနွေးဖို့ ခက်နိုင်တဲ့ အချက် ၂ ခုက ဦးသိန်းစိန်ရဲ့ လမ်းပြမြေပုံမှာပါနေတယ်။ ဒါက ဘာလဲဆိုတော့ အခုလက်ရှိ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေကို နိုင်ငံရေးပါတီထူထောင်ရမယ်ဆိုတဲ့ အချက်က ခက်ခဲတယ်။ နိုင်ငံရေးပါတီသွားဖို့က နိုင်ငံရေးပြဿနာတွေ ရှင်းပြီးမှ၊ နိုင်ငံရေးအရ သဘောတူညီချက်တွေလုပ်ပြီးမှ သွားရမယ့် ကိစ္စ။ အပစ်အခတ်ရပ်ထားတဲ့ ကိစ္စမှာ နိုင်ငံရေးပါတီကို သွားဖို့က တော်တော်ခက်တယ်။ ဒါကြောင့် ဦးသိန်းစိန် လမ်းပြမြေပုံမှာပါတဲ့ နိုင်ငံရေးပါတီထူထောင်ဖို့ကိစ္စသည် အဓိက ဆွေးနွေးဖို့ ခက်နိုင်တယ်။

“ထို့အတူပဲ ဒုတိယအဆင့်ဖြစ်တဲ့ နိုင်ငံရေးပါတီထူထောင်ပြီး ရွေးကောက်ပွဲဝင်ကြပါ၊ ရွေးကောက်ပွဲအနိုင်ရပြီး လွှတ်တော်ထဲရောက်ပါ။ လွှတ်တော်ထဲရောက်မှသာလျှင် အများဆန္ဒအရ ၂၀၀၈ ကိုပြင်ပါ။ သမ္မတကြီးရဲ့ အဲအချက်ကလည်း တိုင်းရင်းသားတွေလက်ခံဆွေးနွေးဖို့ တော်တော်ခက်တယ်။ ၂၀၀၈ ကိုပြင်ဖို့၊ လွှတ်တော်ထဲဝင်ဖို့၊ လွှတ်တော်ထဲကနေပဲ ၂၀၀၈ ဘောင်ထဲကပြန်ပြင်ဖို့က မဖြစ်နိုင်ဘူးဆိုတာ အားလုံးကသိတယ်။ အဲတော့ သမ္မတကြီးရဲ့ လမ်းပြမြေပုံထဲက အဲ အချက် ၂ ချက်က စတင် ဆွေးနွေးဖို့ ခက်တယ်။ ဒါကြောင့် တဖက်ကို ၂ ချက်စီ ရှိနေတော့ ကျနော်တို့မြင်တာက ခက်ခဲမယ့် ထိပ်တိုက်တွေ့မယ့် အချက်တွေကို ခဏထားပြီးတော့ လောလောဆယ် အပစ်ရပ်တွေကို ခိုင်မာအောင် ဘယ်လိုလုပ်မယ်။ ဒုက္ခရောက်နေတဲ့ IDP တွေကို ဘယ်လိုကူမလဲ။ နောက် ပဋိပက္ခမှာ နှစ်ပေါင်း ၆၀ လောက်မြေဇာပင်ဖြစ်နေတဲ့ ပြည်သူလူထုတွေရဲ့ အခြေခံ စိုက်ပျိုးရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘ၀လုံခြုံရေး ဘယ်လိုစလုပ်ကြမလဲ။ ဒါမျိုးကို စတင်ဆွေးနွေးခြင်းအားဖြင့် တဖြည်းဖြည်း ရင်းနှီးမှု လုံခြုံမှုရလာပြီးတော့ အဲ့ကနေမှ ခက်ခဲတဲ့ အကြောင်းအရာတွေကို ရောက်ရှိ ဆွေးနွေးမယ်ပေါ့။

“ဒါကြောင့် ယူအန်အက်ဖ်စီက စတင်ပြတာက သမ္မတကြီးရဲ့ ၈ ချက်ရယ်၊ ကျနော်တို့ ၆ ချက်ရယ်၊ လုပ်ငန်းစဉ်တွေ ညှိမယ်ဆိုရင် ဘာတွေက စတင်ဆွေးနွေးရမယ်ဆိုတာကို စညှိဖို့လိုပြီ။ နိုင်ငံရေးဆွေးနွေးပွဲအတွက် လုပ်ငန်းစဉ်တွေ ညှိတယ်ဆိုကတည်းက နိုင်ငံရေးဆွေးနွေးပွဲအစ ဖြစ်ပြီး ဒါကို အချိန်ယူ တဖြည်းဖြည်း ညှိသွားပြီး ရင်းနှီးမှု၊ ယုံကြည်မှုနဲ့ နောက်တနေ့မှာ တူညီတဲ့ နိုင်ငံရေးသဘောတူညီချက် ရသွားနိုင်တယ်။ ခက်တဲ့အပိုင်းကို နောက်မှသွား၊ လွယ်တာကို အရင်လုပ်မယ်ဆိုပြီး ကျနော်တို့ဘက်ကတော့ ပြင်ထားတာရှိတယ်။ အဲအပေါ်မှာ ၀န်ကြီးဦးအောင်မင်းက ဘယ်လိုပြင်ဆင်မှုရှိလဲတော့ မသိသေးဘူး။ တွေ့ဖို့ကြိုးစားတာတော့ ၂ ခါ၊ ၃ ခါ ရှိပြီ ဆိုတာကို အတွင်းရေးမှူးချုပ် ဦးနိုင်ဟံသာဆီက သိရပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013