DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြားက ရခိုင်ပြည်သူများ၏ ရင်တွင်းစကား သမ္မတထံတင်ပြမည်
DVB
·
May 12, 2019
တိုက်ပွဲကြားက ရခိုင်ပြည်သူများ၏ ရင်တွင်းစကား သမ္မတထံတင်ပြမည်
Donate to DVB

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အတွင်း ပြည်သူတွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးနေပြီး ရင်တွင်းစကားသံတွေ၊ တင်ပြချက်တွေနဲ့ အကြံပြုချက်တွေကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ တင်ပြသွားမယ်လို့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီတာဝန်ရှိသူတွေက ပြောပါတယ်။

နယ်ရပ်စွန့်ခွာနေကြရတဲ့ စစ်ဘေးရှောင်ကိစ္စရပ်တွေအပါအဝင် ရခိုင့်တပ်တော် အေအေနဲ့ တပ်မတော်တို့ကို ငြိမ်းချမ်းရေးစားပွဲဝိုင်းထံကို ခေါ်ဖို့၊ နောက်ပြီး ယခင်ကတည်ငြိမ်အေးချမ်းခဲ့တဲ့ ရခိုင်ပြည်နယ်ကို ပြန်လည်တည်ငြိမ်အောင်လုပ်ဖို့ စတဲ့အချက်တွေကို အကြံပြုတင်ကြတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ အတွင်းရေးမှူး ဦးတင်မြင့်က “ရန်ကုန်မှာရှိနေတဲ့ ရခိုင်တိုင်းရင်းသားများကလည်း ရခိုင်ပြည်နယ် တိုးတက်ဖို့၊ ဖွံ့ဖြိုးဖို့၊ တည်ငြိမ်အေးချမ်းဖို့ အားလုံးလိုလားတာပဲ။ သူတို့ဆွေးနွေးချက်တွေကတော့ စစ်ဘေးရှောင်တွေအတွက်လုပ်ပေးပါ။ ကူညီပေးပါ။ မိုးကျတော့မယ်။ မိုးမကျမီအတွင်းမှာ စစ်ဘေးရှောင်တွေ အမိုးကာအောက်ရောက်ဖို့ စားဝတ်နေရေးအတွက် လုပ်ပေးဖို့ ဒါတွေကို အဓိကထားပြောပါတယ်။ ပြီးရင် ယခင်က တည်ငြိမ်အေးချမ်းခဲ့တဲ့ ရခိုင်ပြည်နယ်ကြီးကို မူလအနေအထား ပြန်ရောက်အောင် အေအေနဲ့ စေ့စပ်ဆွေးနွေးပေးပါ။ ငြိမ်းချမ်းရေးစကားဝိုင်းကို ခေါ်ပါ။ အဲဒါတွေပဲ အကြံပြုဆွေးနွေးကြတာ” လို့ ပြောပါတယ်။

မေလ ၁၀ ရက်နေ့ ညနေပိုင်းက အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်ဦးဆောင်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီအဖွဲ့ဝင်တွေ ရခိုင်ပြည်နယ် စစ်တွေမြို့ အစိုးရဧည့်ဂေဟာမှာ တွေ့ဆုံဆွေးနွေးလို့အပြီး မီဒီယာတွေကို အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

မြန့်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲတွေ ပြင်းထန်ပြီးနောက်ပိုင်း အရပ်သားတွေ ဖမ်းဆီးခံရတာ၊ သေဆုံးတာ၊ ပျောက်ဆုံးတာတွေလည်း ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေပါတယ်။ အဲဒီအနက် မကြားသေးခင်က ကျောက်တန်းကျေးရွာသား ၂၇၀ ကျော်အား ထိန်းသိမ်းထားစဉ်အတွင်း တပ်မတော်ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၆ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့ပါတယ်။

အဲဒီကျောက်တန်းကိစ္စမှာ ကျူးလွန်ခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အမြန်ဆုံး အရေးယူပေးဖို့ ရခိုင်လူထုထောက်ခံမှု အများဆုံးရရှိထားတဲ့ ရခိုင်မျိုးသားပါတီက နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်တွေဆီ တောင်းဆိုထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် လွှတ်တော်မှာလည်း အဲဒီကိစ္စအပါအဝင် သံသယနဲ့ ဖမ်းဆီးခံရသူတွေကို ဥပဒေနဲ့အညီသာ စစ်ဆေးဆောင်ရွက်ဖို့ အဆိုတင်ထားသလို အရပ်ဘက်အဖွဲ့တွေကလည်း ကန့်ကွက်ရှုံချထားကြပါတယ်။

ထိန်းသိမ်းခံထားရတဲ့ ကျောက်တန်းရွာသားအချို့ ပြန်မလွတ်သေးတာနဲ့ ပတ်သက်ပြီးလည်း ပြည်ထောင်စုအစိုးရက ဖြစ်ရပ်မှန်ကို စုံစမ်းသွားမယ်လို့ ပြည်ထောင်စုအစိုးရဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ပြောဆိုပါတယ်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီဝင်တွေဟာ မေလ ၁၀ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဒုတိယအကြိမ်ကွင်းဆင်းလာရောက်ခြင်းဖြစ်ပြီး ပြည်နယ်အတွင်းက လွှတ်တော်တာဝန်ရှိသူတွေ၊ အရပ်အဖွဲ့တွေ၊ ပါတီတွေနဲ့ တွေ့ဆုံ မှုတွေလုပ်သွားမှာပါ။

ဒါ့အပြင် စစ်ဘေးရှောင်စခန်းတွေ သွားရောက်မှုတွေ လုပ်ဆောင်မှာဖြစ်ပြီး အကြံပြုချက်တွေ၊ တွေ့ရှိချက်တွေကို နိုင်ငံတော်သမ္မတဆီ တင်ပြသွားမယ်လို့ ကော်မတီဝင်တွေက ပြောပါတယ်။

သတင်း-ဓာတ်ပုံ-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013