DVB Logo
Home
မြန်မာသတင်း
ပြည်အရန်မီးသတ် ၂၀၀ ခန့် ဆန္ဒဖော်ထုတ်
DVB
·
November 5, 2012
Donate to DVB

ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ မီးသတ်ဌာနတပ်ဖွဲ့ဝင်တဦးကို  တရားရုံးက ထောင်ဒဏ်စီရင်လိုက်တာနဲ့ ပတ်သက်ပြီး မကျေနပ်လို့ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀၀ လောက် ဆန္ဒပြကြပါတယ်။

အခင်းဖြစ်ပွားပုံမှာ ပြီးခဲ့တဲ့ သင်္ကြန်တုန်းက မီးလောင်လို့ မီးသတ်ဌာနက သွားရောက် မီးငြိမ်းရာကနေ လမ်းမှာ ယာဉ်တိုက်မှုဖြစ်သွားပြီး လူတဦး သေဆုံးခဲ့ပါတယ်။ အဲဒီအမှုနဲ့ပတ်သက်ပြီး မီးသတ်ကားမောင်းသူ အရန်မီးသတ် ဒု-တပ်ကြပ်ဇော်ထွေးကို တရားရုံးက တာဝန်ပေါ့ဆတယ်ဆိုပြီး ပုဒ်မ ၃၀၄ က/ ၃၃၈ နဲ့ နိုဝင်ဘာလ ၂ ရက်နေ့က ထောင်ဒဏ် ၅ နှစ် စီရင်ချက်ချမှတ်ခဲ့ပါတယ်။

အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက တာဝန်ထမ်းချိန်အဖြစ်အပျက်မှာ ဒု-တပ်ကြပ်ဇော်ထွေးကို အခုလို ထောင်ဒဏ်စီရင်တဲ့အတွက် မီးသတ်ကားကို မမောင်းရဲတော့လို့ မီးသတ်ကားတွေကိုယူပြီး မြို့နယ် ဗဟိုမီးသတ်ဌာနဆီမှာ သွားရောက်အပ်နှံခဲ့တာလို့ မြို့နယ် အရန်မီးသတ်ဌာနက ဒု- တပ်ရင်းမှူး ဦးအုန်းလွင်က ပြောပါတယ်။

“၁၆ ရက် ဧပြီ ၂၀၁၁ ခုနှစ် သင်္ကြန်ရက်တုန်းက မီးသတ်ကားထွက်တော့ ယာဉ်တိုက်မှုဖြစ်သွားတယ်။ ကျနော်တို့က နိုင်ငံ့လခစားအဖွဲ့လည်း မဟုတ်ပါဘူး။ စေတနာ့ဝန်ထမ်းအဖွဲ့ပါ။ အဲတော့ ယာဉ်မောင်းကလေးကို ၂ ရက်နေ့မှာ ထောင်ဒဏ် ၅ နှစ်ချလိုက်တော့ ကျနော်တို့လူမှုရေးလုပ်တဲ့အပိုင်းမှာ လုံခြုံမှုမရှိတော့ဘူးပေါ့။ အဲတော့ ကလေးတွေက ယာဉ်မမောင်းရဲကြတော့ဘူးဆိုတာကို ကျနော့်ကိုလည်း လာပြောကြတယ်။ တခုခုဖြစ်ရင်ထောင်ကျမယ်ဆိုတော့ မီးသတ်ကား မမောင်းရဲတော့ဘူး။ ကားတွေကို မီးသတ်ဦးစီးဌာနကို ပြန်အပ်ချင်တယ်တဲ့။”

မနက် ၉ နာရီလောက်ကစပြီး အဲဒီမီးသတ်တပ်ဖွဲ့ဝင်တွေက မီးသတ်ကား ၉ စီးနဲ့အတူ မြို့နယ် ဗဟိုမီးသတ်ဌာနကို သွားရောက်ခဲ့တာဖြစ်ပြီး တာဝန်ရှိသူတွေက ဒီလို မလုပ်ကြဖို့နဲ့ ဒီကိစ္စကို ပြေလည်အောင် ဖြေရှင်ပေးမယ်ဆိုတာကြောင့် ကားတွေယူပြီး ပြန်သွားကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“အရန်မီးသတ်တပ်ရင်း၊ မြို့နယ်မှူးနဲ့ ရဲတပ်ဖွဲ့မှူးတို့က မလုပ်ကြဖို့၊ ထောင်ဒဏ်ချလိုက်တာကို ရက်ပေါင်း ၂၀ အတွင်းမှာ အယူခံဝင်ပေးမယ်တဲ့၊ ကားတွေပြန်ယူသွားပါ မအပ်ပါနဲ့ဆိုပြီး လူစုခွဲလိုက်တယ်။ ဆန္ဒပြတာတွေလည်း မလုပ်ကြဖို့ ပြောပါတယ်။ အဲဖြစ်စဉ်မှာ ကားကဘရိတ်မမိဘဲ ဘရိတ်ပေါက်သွားတာက တကြောင်း၊ မီးသတ်ယာဉ်မောင်းက မူးနေတယ်လို့ ကြားတယ်။ နောက် တရားဝင်ခန့်ထားတဲ့ အမြဲတမ်းဝန်ထမ်းမဟုတ်ဘဲ အရန်မီးသတ်ဖြစ်တော့ အဲပြဿနာတွေတက်တာ။ ပြစ်ဒဏ်ကျတဲ့အပေါ်မှာ တရားဥပဒေအတိုင်း ရှိရမှာပါပဲ။ ပြည်သူတွေဘက် လုံခြုံရေးကျတော့လည်း အရေးပေါ်ကားလာတယ်ဆိုပြီး ဒီလို ရမ်းသမ်းမောင်းတာကျတော့လည်း မဖြစ်သင့်ဘူးလို့ ထင်တယ်လေ။”

ပြီးခဲ့တဲ့ သင်္ကြန်ကာလတုန်းက မီးသတ်ကားက ဆိုင်ကယ်မောင်းလာတဲ့ မိသားစုတစုကို တိုက်မိခဲ့တဲ့အတွက် ကလေးငယ် သေဆုံးခဲ့ရသလို မိဘနှစ်ပါးလုံးလည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013