DVB Logo
Home
မြန်မာသတင်း
တော်ဝင်စက်ရုံ ဆန္ဒပြအလုပ်သမား ၅ ဦး ဆေးရုံတင် ကုသနေရ
DVB
·
November 5, 2012
တော်ဝင်စက်ရုံ ဆန္ဒပြအလုပ်သမား ၅ ဦး ဆေးရုံတင် ကုသနေရ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်မှာ ရှိတဲ့ တော်ဝင် သစ်အချောထည် စက်ရုံ ဆန္ဒပြသူတွေထဲက ၅ ဦး သတိလစ်မေ့မြောသွားလို့ ဆေးရုံတင် လိုက်ရပါတယ်။

အောက်တိုဘာ ၂၅ ရက်နေ့က စတင်တဲ့ သူတို့ဆန္ဒပြပွဲမှာ အလုပ်သမား ၂၀၀ ကျော် နေ့ရောညပါ ဆန္ဒပြခဲ့တာဖြစ်ပေမယ့် အလုပ်ရှင်ဘက်က မညှိနှိုင်းဘူးလို့ အကြောင်းပြန်တဲ့အတွက် ၁၀ ဦးက ဒီလဆန်း ၁ ရက်နေ့က စပြီး အစာငတ်ခံဆန္ဒ ပြခဲ့ကြတာပါ။

ဆန္ဒပြသူတွေထဲက သတိလစ်မေ့မျောသူ ၅ ဦးကို အင်းစိန်ဆေးရုံနဲ့ ရွှေပြည်သာ ဆေးရုံတွေမှာ တင်ဆောင်ကုသနေရတယ်လို့ အလုပ်သမားအရေးဆောင်ရွက်တဲ့ ကိုကျော်ကျော်က ပြောပါတယ်။

“ဟိုနေ့က အင်းစိန်ဆေးရုံမှာ ၄ ယောက်တင်ထားတယ်လေ၊ အမျိုးသမီးတွေ။ အခု အစာငတ်ခံဆန္ဒပြတဲ့ထဲက ၁ ယောက်ကို ဆေးရုံတင်ထားရတယ်။ ဒီမနက်က မူးတယ်၊ ဗိုက်အောင့်တယ်ဆိုတော့ ဆေးရုံတင်ရမယ်ပြောတာနဲ့ အခု ဆေးရုံတင် ဆေးသွင်းထားရတယ်။ အင်းစိန်မှာက ၄ ယောက်၊ ရွှေပြည်သာမှာ ၁ ယောက်။ အင်းစိန်ဆေးရုံက ကလေးမတွေက သတိလစ် လစ်သွားတယ်တယ်၊ အခြေအနေမကောင်းဘူးတဲ့။”

ဆေးရုံတင်ထားတဲ့ ၅ ဦးထဲက တဦးမှာ အစာငတ်ခံဆန္ဒပြသူတွေထဲက တဦးပါဝင်ပြီး ကျန် ၄ ဦးကတော့ အမျိုးသမီးသမီးတွေဖြစ်တယ်လို့ ဆိုပါတယ်။

အင်းစိန်ဆေးရုံမှာ ကုသခံယူနေသူ ၄ ဦးရဲ့ အခြေအနေကို သွားရောက်ကြည့်ရှုတဲ့ ကိုရဲထက်ထွန်းက “လူနာတွေရဲ့ အခြေအနေ မကောင်းဘူး။ သတိလစ်သွားတယ်၊ အသက်ရှူကြပ်တယ်။ နာရီဝက်လောက်ငြိမ်သွားပြီရင် ပြန်ပြီးဖောက်တယ်။ အခုက ရွှေပြည်သာကနေ လွှဲပေးလိုက်တဲ့ ၄ ယောက်။ ဟိုမှာ နေမကောင်းတဲ့သူတွေ ရှိသေးတယ်။ အဲနားက ဓမ္မာရုံမှာ ထားထားတယ်။ သူတို့တွေကတော့ ရွှေပြည်သာ မြို့နယ် ဆရာမတွေနဲ့ ကုနေတယ်” လို့ ပြောပါတယ်။

ဆန္ဒပြသူအချို့ ဆေးရုံတက်နေတဲ့တချိန်တည်းမှာ  ကျန်အလုပ်သမားတွေကလည်း ဆက်ပြီး ဆန္ဒဖော်ထုတ်နေကြပါတယ်။ ဒီဆန္ဒပြမှုနဲ့ပတ်သက်လို့  ကုမ္ပဏီဘက်က တစုံတရာ တာဝန်ယူ ဆောင်ရွက်ပေးတာ မရှိသေးပါဘူး။

လူနာတွေအတွက် ဆေးစစ်ခအတွက် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က  ထောက်ပံ့ထားတယ်လို့ သိရပြီး ဆန္ဒပြနေတဲ့ အလုပ်သမားတွေအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးက သူနာပြုတယောက် စေလွှတ်ပေးထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဒီဆန္ဒထုတ်ဖော်မှုနဲ့ပတ်သက်ပြီး နိုဝင်ဘာ ၃ ရက်နေ့က အလုပ်ရုံနဲ့အလုပ်သမားဥပေဒ စစ်ဆေးရေးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်၊ မြို့နယ်ဖျန်ဖြေရေးဦးစီးမှူးတွေ၊ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ အလုပ်သမားတွေ ဆွေးနွေးခဲ့ကြပေမယ့် ပြေလည်မှုမရရှိဘဲ အခုဆက်ပြီး ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

တော်ဝင်ကုမ္ပဏီ အလုပ်သမားတွေရဲ့ ဒီဆန္ဒပြပွဲဟာ ၄ ကြိမ်မြောက် ဖြစ်ပြီး အခုအကြိမ်ကတော့ ရက်အရှည်ကြာဆုံးနဲ့ အစာငတ်ခံ ဆန္ဒပြတောင်းဆိုမှုလည်း  ဖြစ်ပါတယ်။

Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013