
စစ်ကောင်စီက ချင်းပြည်တောင်ပိုင်းကို အင်အား ၂,၀၀၀ ဝန်းကျင်နဲ့ ထိုးစစ်ဆင်ခဲ့ပေမဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ ခုခံစစ်ကြောင့် မြေပြင်ထိုးစစ်ကို ယာယီရပ်ဆိုင်းထားရပါတယ်။
ချင်းပြည်တောင်ပိုင်း မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့နယ်တွေတည်ရှိရာ မတူပီဗျူဟာဘက်ကို ခန့်မှန်းအင်အား ၂,၀၀၀ ဝန်းကျင်နဲ့ စစ်ကောင်စီက မေလထဲမှာ စတင်ထိုးစစ်ဆင်ဖို့ ကြိုးစားခဲ့တာပါ။
ချင်းပြည်တောင်ပိုင်းကို စစ်ကောင်စီက မကွေးတိုင်း၊ ယောနယ်ဘက်ကနေ မြေပြင်အင်အားတွေ ဆက်တိုက်ပို့နေတာ ဖြစ်ပါတယ်။
မေလကုန်ပိုင်းမှာ ကန်ပက်လက်နဲ့ ဆောကြားမှာ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
တောင်ပေါ်ဒေသ ပထဝီအနေအထားအရ ဒေသကာကွယ်ရေးအဖွဲ့တွေက အသာစီးယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ရာနဲ့ချီ သေဆုံးခဲ့တာကြောင့် လောလောဆယ်မှာ စစ်ကောင်စီက မြေပြင်ထိုးစစ် ယာယီရပ်တန့်ထားတယ်လို့ ဆိုပါတယ်။
မင်းတပ်ဘက်မှာတော့ စစ်ကောင်စီရဲ့ ထိုးစစ်အင်အား ၂ ဆပိုများလာပြီး ဇွန် ၆ ရက်နေ့ တရက်တည်းမှာတင် မင်းတပ်မြို့နယ်ကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု ၈ ကြိမ်အထိ ပြုလုပ်ခဲ့တယ်လို့ ကြားကာလချင်းအမျိုးသားကောင်စီနှင့် ချင်းညီနောင် ဘဏ္ဍာရေးရှာဖွေရေးကော်မတီ အတွင်းရေးမှူး ဒေါင်ခုပ် က ပြောပါတယ်။
“မင်းအောင်လှိုင်က ကုလားတန်စီမံကိန်းကို အကောင်အထည်ဖော်ဖို့ ကြိုးစားမယ်ဆိုတဲ့ အသံတွေ ထွက်လာတယ်၊ ကလေး-တမူးလမ်းကြောင်းကို ပြန်ပြီးတော့မှ ဖောက်ဖို့၊ ရှင်းလင်းဖို့ဆိုပြီးတော့မှ သတင်းတွေ ထွက်နေတယ်ဆိုတော့၊ အင်အားထောင်နဲ့သောင်းနဲ့ချီပြီး သုံးပြီးတော့မှ ပြန်ပြီးတိုက်ဖို့ဆိုတဲ့ဟာမျိုးတွေ ကြားရတယ်။ ပြီးခဲ့တဲ့ ၂ ရက်- ၃ရက်ကပဲ ခါမ်းပါတ်မြို့ပေါ့နော်၊ ခါမ်းပါတ်မြို့က ကလေးနဲ့တမူးကြားထဲမှာ ရှိတော့လေ၊ အဲဒီမှာလည်း သူတို့ ဗုံးနဲ့ အကြီးအကျယ်ကြဲပြီးတော့မှ လူသေ၊ အပျက်အစီးတွေအများကြီး ကျနော်တို့ တွေ့ရတယ်။ အကောင်အထည်ဖော်ဖို့ ရန်စပြီး တိုက်ခိုက်နေတဲ့ အနေအထားတွေရှိတော့ စစ်ရှောင်တွေက ပိုပြီးများလာဖို့ရှိတယ်၊ အခုလက်ရှိ စစ်ရှောင်နေတဲ့သူတွေကလည်း အိန္ဒိယအစိုးရကနေ ဘယ်လိုခြေလှမ်း လှမ်းလာမလဲ၊ သူတို့ကို ဘယ်လိုဖိအားပေးလာမလဲ၊ အိန္ဒိယအစိုးရနဲ့ မင်းအောင်လှိုင်ကြားမှာ ဘာလျှို့ဝှက်ချက် ဘာများသဘောတူညီချက်ရှိလဲ၊ အဲဒါက စစ်ရှောင်တွေအတွက် ကောင်းတဲ့အလားအလာမဖြစ်နိုင်ဘူးဆိုတဲ့ စိုးရိမ်မှုတွေကတော့ တော်တော်လေး မြင့်တက်နေတယ်။”
အိန္ဒိယ-ချင်း-စစ်ကိုင်းနယ်စပ်မှာ စစ်ရှောင်ပြည်သူ ၅ သောင်းကျော်ရှိနေပြီး မိုးတွင်းကာလအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။ မီဇိုရမ်နဲ့ မဏိပူပြည်နယ်မှာ စစ်ဘေးရှောင် အများဆုံးခိုလှုံနေရပြီး လုပ်ကိုင်စားသောက်လို့မရတဲ့အတွက် အလှူရှင်ရှိမှ နေရေး၊ စားရေးအဆင်ပြေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ရှောင်စခန်းတွေမှာ ငှက်ဖျားနဲ့ ဝမ်းလျှောလို့ ကူးစက်ရောဂါတွေအတွက် ဆေးဝါးလိုအပ်ချက် မြင့်မားနေပါတယ်။ ကလေးနဲ့မိခင် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ လိုအပ်ချက်တွေလည်း ရှိနေပြီး မီးဖွားရာမှာ အသက်ဆုံးရှုံးရတာတွေ အများအပြားရှိနေပါတယ်။
ရာသီဥတု ဆိုးရွားတဲ့ဒဏ်နဲ့ နိုင်ငံဖြတ်ကျော်ထွက်ပြေးရတဲ့အတွက် ဘာသာစကား ပြဿနာလည်း ရှိနေတာပါ။ စစ်ရေးအရကတော့ မေလကုန်ပိုင်းမှာ မကွေးတိုင်းဘက်က တော်လှန်ရေးအစုအဖွဲ့တွေက ချင်းပြည်ဘက်တက်မဲ့ စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်တာ၊ ပျူရွာတွေကို တိုက်ခိုက်သိမ်းယူတာတွေ ပြုလုပ်ခဲ့တဲ့အတွက် ချင်းပြည်ဘက်မှာ အရှိန်နည်းနည်းကျသွားခဲ့ပါတယ်။ စစ်ကိုင်း-မကွေးဘက်မှာ တိုက်ပွဲတွေ များနေရင် ချင်းပြည်ဘက်မှာ တိုက်ပွဲတွေ လျော့တာ ဖြစ်လေ့ဖြစ်ထရှိတဲ့အခြေအနေဖြစ်ပြီး မဟာမိတ် AA က မကွေးတိုင်းထဲက တော်လှန်ရေးအဖွဲ့တွေကို ဗျူဟာရေးရာ အကူအညီတွေပေးနေတာပါ။
အညာမြေတပ်ပေါင်းစုမှ ကိုဘိုဘိုသန့်ဇင်က “မင်းအောင်လှိုင်ရဲ့ အိန္ဒိယဝန်ကြီးချုပ်နဲ့ တွေ့ဆုံမှုက အခုရက်ပိုင်းမှာ ဖြစ်သွားတယ်၊ ပြီးတော့ကြတော့ ကုလားတန်စီမံကိန်းကိုလည်း ပြန်စနိုင်အောင် ကြိုးစားမယ်ဆိုတဲ့ ကတိတွေပေးခဲ့တယ် ဆိုတာမျိုးလည်း တွေ့ရတယ်ပေါ့။ ဒီအပေါ်တွေနဲ့ ဆက်စပ်မှုရှိသလားဆိုတော့ ကျနော်တို့က နယ်မြေတွေက ချိတ်ဆက်နေတာဖြစ်တဲ့အတွက် စစ်ရေး၊ နိုင်ငံရေးအရ ဆက်နွှယ်မှုတွေလည်း ရှိတယ်လို့ မြင်ပါတယ်။ ဘာကြောင့်ဆို ပခုက္ကူကနေ ထွက်သွားတာနဲ့ အနောက်တံခါးရောက်သွားရင် ချင်းပြည်-အိန္ဒိယဘက်ကို ရောက်သွားတယ် ဆိုတော့လေ၊ ဒီလိုဆက်စပ်မှုတွေလည်း ရှိနိုင်တယ်။ နောက်တချက်က ကျနော်တို့ရဲ့ လေ့လာမှုတွေအရ ရဲဝင်းဦးနဲ့ မင်းအောင်လှိုင် အပြောင်းအလဲမှာလည်း မင်းအောင်လှိုင် လက်ထက်ကချခဲ့တဲ့ မာရှယ်လောတွေကို ရဲဝင်းဦးက ရုပ်သိမ်းသွားတာမဟုတ်ဘဲနဲ့ ထပ်ဆောင်း မာရှယ်လောတွေ ဆိုပြီး ကျနော်တို့မြို့နယ်တွေကို ချမှတ်ခဲ့တယ်ပေါ့။ ဒီအပေါ်မှာ ပိုပြီးတော့ အားသွန်ခွန်စိုက်လုပ်တယ်လို့လည်း ကျနော်တို့ မြင်ရတယ်” လို့ ပြောပါတယ်။
ဇွန် ၁ ရက်နေ့ စစ်ခေါင်းဆောင်နဲ့ အိန္ဒိယဝန်ကြီးချုပ်မိုဒီတို့တွေ့ဆုံမှုအပြီးမှာ အိန္ဒိယဘက်က တရုတ်ကို တန်ပြန်တာ တခုပဲ မြင်သာတဲ့ အကျိုးရှိခဲ့ပြီး စစ်ခေါင်းဆောင်ဘက်က အချက် ၆ ခုလောက်အထိ အမြတ်ထွက်ခဲ့တယ်လို့ နိုင်ငံတကာရေးရာလေ့လာသူတယောက်က မှတ်ချက်ပေးပါတယ်။
ကုလားတန်စီမံကိန်း၊ မြေရှားသတ္တုတို့ အပါအဝင် တခြားကိစ္စတွေက ဒေသတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေက စိုးမိုးထားတာဖြစ်တဲ့အတွက် စစ်ခေါင်းဆောင်က ဘယ်လို ကတိတွေပေးပေး အိန္ဒိယအစိုးရအတွက် လက်တွေ့အကျိုးဖြစ်လာဖို့ မလွယ်ဘူးလို့ ဆိုပါတယ်။
မျက်မြင်အခြေအနေအရ စစ်ခေါင်းဆောင်ဘက်က အကျိုးပိုဖြစ်ဖို့ရှိပေမဲ့ အိန္ဒိယဘက်က နောက်ကွယ်မှာ တွက်ခြေကိုက်အောင် ဘာတွေ ပြန်ယူထားလဲဆိုတာတော့ မသိနိုင်ဘူးလို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
လော့စ်အိန်ဂျယ်လိစ် မြန်မာလှုပ်ရှားမှုအဖွဲ့မှ ဂျိမ်းစ်ရွှေက “မင်းအောင်လှိုင် မိုဒီနဲ့ သွားတွေ့တာမှာ ၆ ခု အကျိုးအမြတ်ရတယ်လို့ ယူဆတယ်၊ နံပါတ် ၁ ကတော့ တရားဝင်မှုပုံစံပြနိုင်တာပေါ့။ နံပါတ် ၂ ကကျတော့ ကျပ်ငွေနဲ့ အိန္ဒိယ ရူပီးနဲ့ကို တိုက်ရိုက်လဲလှယ်ခွင့် အစီအစဉ်လုပ်တယ်ဆိုတော့ စီးပွားရေးအရ အဲဒီအကျိုးလည်း ရသွားတယ်။ နံပါတ် ၃ ကကျတော့ ကျပ်နဲ့ ရူပီးနဲ့လဲလို့ရလို့ရှိရင် အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုရှောင်ဖို့ နေရာရသွားတာပေါ့။ နံပါတ် ၄ ကကျတော့ AA တို့၊ ချင်းတို့၊ ကချင်တို့ကို မြေရှားတို့ ကုလားတန်စီမံကိန်းတို့ ပြပြီးတော့ တိုက်ခိုက်မယ်ဆိုရင် အိန္ဒိယဘက်က မထောက်ခံရင်တောင်မှ မကူညီဖို့ဆိုပြီးတော့ အဲဒါက အကျိုးအမြတ် နံပါတ် ၄ ပေါ့။ နံပါတ် ၅ ကကျတော့ နယ်စပ်ကျော်ဖြတ်အကူအညီတွေကို ပိတ်ဖို့ပေါ့နော်။ နောက်ဆုံးတချက်က ကျားဖြန့်က ဖမ်းထားတဲ့ အိန္ဒိယလူမျိုး ၂,၄၀၀ ပြန်လွတ်အောင် လုပ်ပေးနိုင်တယ်၊ ဘာညာဆိုပြီးတော့ ကျားဖြန့် နှိမ်နင်းတဲ့အထဲမှာ သူ ဝင်ပါချင်တာ” လို့ ပြောပါတယ်။
စစ်ခေါင်းဆောင်နဲ့ အိန္ဒိယအစိုးရတို့ရဲ့ ဆွေးနွေးချက်တွေကို မြေပြင်မှာ ဘယ်လို အကောင်အထည်ဖော်လာမလဲ ဆိုတာ မသေချာသေးပေမဲ့ ဒေသတွင်းမှာတော့ စစ်ကောင်စီက စစ်ရေးအသာစီးယူဖို့ နည်းလမ်းစုံ အသုံးပြုနေတာပါ။
စစ်ကောင်စီက ချင်းပြည်တောင်ပိုင်းမှာ မြေပြင်ထိုးစစ် ယာယီရပ်ထားပေမဲ့ သာလွန်အင်အားသုံးပြီး ဒေသတွင်းကို မိုးတွင်းတခုလုံးပိတ်ဆို့ပြီး ရေရှည် ဖြတ်တောက်မှုတွေ လုပ်လာနိုင်စရာရှိနေတာပါ။
အဲဒါကြောင့် အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ကျည်ကာဦးထုပ်၊ ဆက်သွယ်ရေးကိရိယာတွေ၊ ရိက္ခာ၊ မိုးကာ၊ စောင်၊ ဆေးဝါး စတာတွေနဲ့ အခြေခံအသုံးအဆောင်တွေကို နိုင်ငံတကာရောက် မြန်မာပြည်သူတွေက ဝိုင်းဝန်းကူညီပေးဖို့ ချင်းညီနောင်အဖွဲ့က မေတ္တာရပ်ခံထားပါတယ်။










