DVB Logo
Home
Lead Story
လွတ်ငြိမ်းခွင့်နှင့် သတင်းလွတ်လပ်ခွင့် အတက်အကျ (အယ်ဒီတာအာဘော်)
DVB
·
May 9, 2019
လွတ်ငြိမ်းခွင့်နှင့် သတင်းလွတ်လပ်ခွင့် အတက်အကျ (အယ်ဒီတာအာဘော်)
Donate to DVB

၂၀၁၉ ဧပြီ ၁၇ ရက်။ မြန်မာနှစ်ဆန်း ၁ ရက်က အစပြု၍ ထူးခြားသောနှစ်ဟု ဆိုရမည်ဖြစ်သည်။ မြန်မာ့ဓလေ့အတိုင်း သက်ကြီးပူဇော်ပွဲ ဘေးမဲ့လွှတ်ပွဲများ နှစ်စဉ်နှစ်တိုင်း ပြုလုပ်လေ့ရှိသဖြင့် မထူးခြားဟုဆိုသော်လည်း ယခုနှစ်မှာမူ တမူထူးခြားခဲ့ပါသည်။

ပထမအကြိမ် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ကျား/မ စုစုပေါင်း ၉၅၅၁ ယောက်ကို ပြန်လွှတ်ပေးခဲ့သည်။ ထို့နောက် ဧပြီ ၂၆ ရက်တွင် ဒုတိယအကြိမ်အဖြစ် အကျဉ်းသား စုစုပေါင်း ၆၉၄၈ ကို ထပ်မံလွတ်ငြိမ်းခွင့်ပြုခဲ့သည်။ တတိယအကျော့အနေဖြင့် မေ ၇ ရက်တွင် အကျဉ်းသား ကျား/မ စုစုပေါင်း ၆၅၂၀ ဦးတို့ကို လွတ်ငြိမ်းခွင့်ပြုခဲ့ပြန်ပါသည်။ သီတင်းသုံးပတ်အတွင်း အကျဉ်းသားပေါင်း ၂၃၀၁၉ အထိ လွတ်မြောက်ခဲ့သည်။

ပထမအကြိမ် လွတ်ငြိမ်းသက်သာခွင့်တွင် နိုင်ငံရေးအကျဉ်းသား ၂ ဦးခန့်သာ ပါရှိခဲ့သည်။ ဒုတိယအကြိမ်တွင်မူ နိုင်ငံရေးအကျဉ်းသား မပါရှိခဲ့သော်လည်း တတိယအကျော့တွင်မူ နိုင်ငံရေးအကျဉ်းသားများနှင့် အပစ်ရပ် လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်အဖွဲ့ဝင် ၂၃ ဦးလည်း ပါရှိခဲ့သည်။

ထိုသူများထဲတွင် မတရားအမှုဆင် အဖမ်းခံရသည်ဟု နာမည်ကြီးခဲ့သော ရိုက်တာ သတင်းထောက် နှစ်ဦးလည်း လွတ်မြောက်လာခဲ့သည်။ ဤကဲ့သို့ ထူးခြားဖြစ်စဉ် လွတ်ငြိမ်းချမ်းသာခွင့် အပေါ်တွင် ပြည်သူအများ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြသည်တို့ ရှိသကဲ့သို့ ဆိုးခိုးလုယက် လူသတ်သမားများ ပါလာမည့်အပေါ် စိုးရိမ်ကြသူတွေလည်း ရှိခဲ့ပါသည်။

ရိုက်တာသတင်းထောက်နှစ်ဦး လွတ်မြောက်လာခြင်းနှင့် ပတ်သက်၍  ကုလသမဂ္ဂ အပါအ၀င် အမေရိကန်၊ ဗြိတိန်စတဲ့နိုင်ငံတွေနဲ့ သတင်းမီဒီယာအဖွဲ့အစည်း ပေါင်းစုံက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြသည်။

ထိုသတင်းထောက်နှစ်ဦးမှာလည်း မကြာသေးခင်ကမှ ပူလစ်ဇာဆု ရရှိထားကြသူများလည်း ဖြစ်ကြသည်။ ထို့အပြင် ဤအမှုမှာလည်း ကမ္ဘာအရပ်ရပ်က စိတ်ဝင်စားခဲ့သော အမှုတခုလည်း ဖြစ်ခဲ့သည်။ ၎င်းတို့နှစ်ဦးကို အင်္ဂလိပ်ခေတ်ဦးပိုင်းတွင် ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ) ဖြင့် တရားစွဲဆို၍ အနောက်ပိုင်းခရိုင် တရားရုံးက ၂၀၁၈၊ စက်တင်ဘာ ၃ ရက်နေ့က ထောင်ဒဏ် ၇ စီ ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဤဖြစ်စဉ်ပြီးကတည်းက ကမ္ဘာ့သတင်းမီဒီယာ လောကတွင် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်း ကျဆင်းသွားခဲ့သည်ဟု ဝေဖန်မှုများ ပြင်းထန်လာခဲ့ပါသည်။ ယင်းသတင်းထောက်နှစ်ဦးမှာ တရားရုံးအဆင့်ဆင့်တွင်  အယူခံဝင်ခဲ့သော်လည်း မည်သည့် တရားရုံးမှ လက်မခံ၊ ပယ်ချ ခံခဲ့ကြရပါသည်။

နောက်ဆုံးအဆင့်ဖြစ်သည့် ပြည်ထောင်စုလွှတ်တော် တရားလွှတ်တော်ချုပ်ကလည်း ၂၀၁၉ ဧပြီ ၂၃ ရက်တွင် ပယ်ချခဲ့ပြန်ပါသည်။ ဤသို့သောအခြေအနေတွင် ရိုက်တာသတင်းထောက် နှစ်ဦးတို့အတွက် မျှော်လင့်ချက် ကုန်သလောက် ဖြစ်ခဲ့သည်။ ထိုအခြေအနေတွင် မေ ၇ ရက်က ရိုက်တာ သတင်းထောက် နှစ်ဦး သမ္မတလွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

တိတိကျကျဆိုရပါလျှင် သတင်းသမား ၂ ဦး၏အမှုနှင့်ပတ်သက်၍ တရားစီရင်ရေးကိစ္စ ပြီးပြတ်သွားပြီးနောက် သတင်းနှစ်ပတ်အကြာတွင် ပြန်လွတ်လာခြင်းဖြစ်သည်။ တနည်းအားဖြင့်  နိုင်ငံတကာက ဖိအား မည်မျှပင်ပေးနေစေကာမူ တရားစီရင်ရေးကို အစိုးရက ၀င်ရောက် မစွက်ဖက်ကြောင်း အခိုင်အမာပြသ ခဲ့ခြင်းဖြစ်သည်။

ယင်းဆောင်ရွက်ချက်နှင့်ပတ်သက်၍ တရားဥပဒေစိုးမိုးရေးကို အားပေးသည့် အစိုးရ၏ ကတိကဝတ်နှင့်အညီ လုပ်ဆောင်လိုက်ခြင်းဖြစ်သည်ဟု ဗြိတိန်သံရုံးက အသိအမှတ်ပြု ထုတ်ပြန်ခဲ့သည်။

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကတော့ “လူကြီးတွေက နိုင်ငံတော်ရဲ့ ရေရှည်အကျိုးစီးပွားအတွက် သတင်းထောက်နှစ်ယောက်ကို ပြန်လွှတ်လိုက်တာပါ" ဟုဆိုသည်။

မည်သို့ပင်ဖြစ်စေ ရိုက်တာသတင်းထောက်နှစ်ဦး လွတ်မြောက်လာခြင်းသည် သတင်းလောကသားများအတွက် ကြိုဆို မုဒိတာပွားရမည့်ကိစ္စ ဖြစ်သည်။

လက်ရှိ သုံးနှစ်သားအစိုးရလက်ထက် သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်များ ကျဆင်းနေသည်ဟု ဝေဖန်ခံနေရချိန်တွင် သတင်းသမားနှစ်ဦး ပြန်လွတ်လာခြင်းသည် သတင်းလွတ်လပ်ခွင့် အညွန်းကိန်း တချိန်တွင် ပြန်တက်လာစေရန် အထောက်အကူ ဖြစ်ကောင်း ဖြစ်နိုင်သည်။

သို့သော် အစိုးရနှင့် တပ်မတော်အနေဖြင့် သတင်းမီဒီယာသမားများအပေါ် တရားစွဲဆိုထားသည့် အမှုများကို အမြန်ဆုံး ပြန်ရုပ်သိမ်းပေးရန် လိုအပ်သကဲ့သို့ သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် သတင်းရယူပိုင်ခွင့်တို့ကိုလည်း ယခုထက် ပိုမိုအာမခံချက်ပေးရန်လည်း  ဒီဗွီဘီက တောင်းဆိုလိုက်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013