
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်းက ကျေးရွာတချို့မှာ ရေရှားပါးနေတာကောင့် မြစ်ရေငန်တွေ အသုံးပြုနေကြရတဲ့အထိ ဖြစ်နေတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။
ကျေးရွာအတွင်းမှာရှိတဲ့ ရေတွင်း၊ ရေကန်တွေကို မှီခိုပြီး သောက်သုံးနေကြရတာဖြစ်ပြီး လက်ရှိမှာ ရေလုံးဝခန်းခြောက်သွားတာကြောင့် သောက်ဖို့အတွက် ရေကိုတော့၊ တောင်တွေ ဖြတ်ကျော်ပြီး အနည်းငယ်သွားခပ်လို့ အဆင်ပြေနေသေးပေမယ့် သုံးရေကိုတော့ မြစ်ရေငန်နဲ့ ရောစပ်ပြီး အသုံးနေကြရတာပါ။
“တောင်တွေကို အဆန်တက်ရတယ်။ တောင်တလုံးကျော်လိုက်၊ မြောင်းကို ဆင်းလိုက်၊ ရေရလာရင်လည်း အဲဒီတောင်ကိုပဲ ကျော်ဖြတ်လာရတာပဲလေ။ ဆိုတော့ လူတွေက အိမ်ကိုရောက်တာနဲ့ မနည်းကို ပင်ပန်းနွမ်းနယ်သွားတယ်။ ရာသီဥတုအပူချိန်ကလည်း ပြင်းတယ် ဆိုတော့လေ။ အဲဒါတောင် သောက်ရေပဲရှိသေးတယ်၊ ချိုးရေမဟုတ်သေးဘူး။ ချိုးရေက သိပ်ရှားတယ်။ ဆိုတော့ နည်းနည်းပါးအခြေနေအရ ဆားငန်ရေနဲ့ ရေချိုတခွက် နှစ်ခွက်နဲ့မျှပြီး သုံးနေရတဲ့ အနေအထားတွေ ရှိတယ်” လို့ ပေါက်တောမြို့နယ် ညောင်ပင်ချိုင်ကျေး ရွာရပ်မိရပ်ဖ ဦးရွှေဘော်က ပြောပါတယ်။
ညောင်ပင်ချိုင်ကျေးရွာအပါအဝင် ဆံတော်ရှင်ဘုရား အနီးတည်ရှိတဲ့ ကျူတောချိုင်၊ စိုးမဲကျီ၊ ရညှင်းချောင်း၊ ကုလားတဲ စတဲ့ ကျေးရွာတွေမှာရှားပါးနေတာလည်း ဖြစ်ပါတယ်။ အဲဒီလို ရှားပါးမှုတွေ ဖြစ်ပေါ်နေတာကြောင့် ရေရဖို့အတွက် ကြိုးပမ်းနေရတဲ့အတွက် အလုပ်ပျက် အကိုင်ပျက် ဖြစ်ရတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
ရညှင်းချောင်းကျေးရွာဒေသခံ ဦးကွန်ချုပ်မောင်ကလည်း “တယောက်ပြီးတယောက် တန်းစီပြီး ရေတလုံး ရဖို့အတွက်၂ နာရီ၊ သုံးနာရီလောက်အထိ အလှည့်ကျစောင့်နေရတယ်။ မြောင်းက ပိုက်လုံးလေးတွေနဲ့ သွယ်ပြီးတော့ ရေပုံးတွေနဲ့ တန်းစီးပြီး အလှည့်ကျ စောင့်ဆိုင်း ပြီးတော့ အလုပ်ပျက်အကိုင်ပျက် စောင့်နေရတာပါပဲ”လို့ ပြောပါတယ်။
အဲဒီကျေးရွာတွေမှာ ရေရှားပါးတဲ့ပြဿနာ ကြုံနေကြရပေမယ့် လက်ရှိအချိန်ထိ ဘာအကူအညီမှ မရရှိသေးဘူးလို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်က ကျေးလက်ဒေသတွေမှာသာမက မြို့ပေါ်ဒေသတွေမှာ နွေရာသီ ရောက်တဲ့ နှစ်စဉ်တိုင်း ရေရှားပါးမှုတွေ ဖြစ်ပေါ်နေပါတယ်။
အဲဒီလို ရှားပါးနေတဲ့အပေါ်မှာ ရေရှားပါးမှုဖြစ်မှသာ ရေတွေလိုက်လံလှူဒါန်းတဲ့ ပုံစံမျိုး မဟုတ်ဘဲ ရေမရှားရအောင် နည်းလမ်းသစ်တွေနဲ့ လုပ်ဆောင်သင့်တယ်လို့လည်း အကြံပြုချက် တွေ ရှိပါတယ်။
သတင်း-ဝဏ္ဏခွာညို၊ ဓာတ်ပုံ - ခမီမီဒီယာ











