DVB Logo
Home
မြန်မာသတင်း
သိပ္ပံထူးချွန်သည့် နိုင်ငံမဲ့ကျောင်းသူ ၂ ဦး အမေရိကန်တွင် ပြိုင်ပွဲဝင်ရန် အခက်ကြုံ
DVB
·
May 8, 2019
သိပ္ပံထူးချွန်သည့် နိုင်ငံမဲ့ကျောင်းသူ ၂ ဦး အမေရိကန်တွင် ပြိုင်ပွဲဝင်ရန် အခက်ကြုံ
Donate to DVB

ထိုင်းမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်နဲ့ ထိုင်းတောင်ပိုင်း ရနောင်းခရိုင်က အထက်တန်း ကျောင်းသူ  ၂ ဦးတို့ဟာ သိပ္ပံတီထွင်မှုထူးချွန်တဲ့အတွက် နိုင်ငံတကာအဆင့်မှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ အရွေးခံခဲ့ရပေမယ့်လည်း သူတို့ဟာ ထိုင်းနိုင်ငံသားမှတ်ပုံတင်မရှိတဲ့အတွက် နိုင်ငံခြား သွားဖို့ အခက်အခဲတွေ ရှိနေပါတယ်။

ချင်းရိုင်းမြို့ ဒမ်ရုန်းရာ့ခ်ျပရဟိတကျောင်းက အထက်တန်းကျောင်းသူ ရှမ်းတိုင်းရင်းသူ  နမ့်ဖိန့်ပန်းယားဟာ မေလ ၁၂ ရက်မှ ၁၇ ရက်အထိ အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် Intel International Science and Engineering Fair 2019 သိပ္ပံပြိုင်ပွဲကို ထိုင်းနိုင်ငံ ကိုယ်စားပြု လူငယ်အဖွဲ့နဲ့အတူ သွားရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံခဲ့ရပါတယ်။

အမေရိကန်ကို သွားရောက်နိုင်ဖို့ ထိုင်းပြည်ထဲရေးဌာနနဲ့ တာဝန်ရှိသူတွေက အထူး ယာယီ နိုင်ငံကူးလက်မှတ်ကို ထုတ်ပေးခဲ့ပေမယ့်လည်း သူဟာ ထိုင်းမှတ်ပုံတင်မဟုတ်တဲ့ အတွက် အမေရိကန်သံရုံးက ဗီဇာထုတ်ပေးဖို့ ငြင်းပယ်ခဲ့တယ်လို့  နိုင်ငံမဲ့ကလေးများအခွင့် အရေးအတွက် တစိုက်မတ်မတ်ဆောင်ရွက်နေသူ ယခင်ထိုင်းအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဆရာ ဆူရဖုန်း ကောင်းကျန်ထိုက်က ဒီဗွီဘီကို ပြောပါတယ်။

“ထိုင်းနိုင်ငံသားဖြစ်ဖြစ်/ မဖြစ်ဖြစ် တကယ်ထူးချွန်တဲ့ကလေးတွေဆိုရင် ထိုင်းနိုင်ငံအနေနဲ့ သူတို့နိုင်ငံခြားမှာ သွားပြိုင်ရဖို့ အစစကူညီပံ့ပိုးပေးပါတယ်။ နောင့်ဖိန့်ဆိုရင် သူ့မိဘတွေက ဆယ်နှစ်ခံတောင်ပေါ်သားကတ်ကိုင်တဲ့ ရှမ်းလူမျိုးတွေဖြစ်တယ်။ နောင့်ဖိန့်ကို ထိုင်းမှာ မွေးပေမယ့် နိုင်ငံသားမရသေးဘူး။ ဒါပေမယ့် သူ့ကိုထိုင်းတာဝန်ရှိသူတွေက ပြည်ပထွက်နိုင်ဖို့ အထူးအနေနဲ့ ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးတယ်။ ဒါပေမယ့် အမေရိကန်သံရုံးက ဗီဇာမပေးတော့ မသွားရတော့ဘူးပေါ့။ ပြိုင်ပွဲကလည်း မမီတော့ဘူး။”

ထိုင်းနိုင်ငံမှာအရင်က နိုင်ငံမဲ့ကလေးငယ် စက္ကူလေယာဉ်ပစ်ချန်ပီယံ မောင်ထောင်းဒီကို ဂျပန်နိုင်ငံသို့ စေလွှတ်ယှဉ်ပြိုင်စေခဲ့ဖူးပြီး ဂျပန်နိုင်ငံနဲ့ ဗီဇာကိစ္စ ပြဿနာမရှိပေမယ့် လူ့အခွင့်အရေး၊ ကလေးသူငယ်များ အခွင့်အရေးကြွေးကြော်နေတဲ့ အမေရိကန်နိုင်ငံက ခုလို ငြင်းပယ်လိုက်တဲ့အပေါ် အံ့သြမိတယ်လို့ ဆရာဆူရဖုန်းက ဆက်ပြောပါတယ်။

အလားတူ ထိုင်းတောင်ပိုင်း ရနောင်းမြို့က မြန်မာမိဘတွေကမွေးတဲ့ နောင့်ဖလွဲ ခေါ် ယွန်းရတီပီယဖတ်ဆိုသူ အသက် ၁၇ နှစ်ရွယ် အထက်တန်းကျောင်းသူဟာလည်း သိပ္ပံတီထွင်မှု ထူးချွန်တာကြောင့် လာမယ့် ဇွန်လလယ်တွင်း အမေရိကန်နိုင်ငံ  Genius Olympaid in New York မှာ သွားရောက်ယှဉ်ပြိုင်ဖို့ အရွေးခံထားရပါတယ်။

သူဟာ ထိုင်းနိုင်ငံမှာ မွေးဖွားပေမယ့် မိဘနှစ်ပါးက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ဖြစ်နေတာကြောင့် ထိုင်းမှတ်ပုံတင်မရှိကြောင်း၊ ဘက်စုံထူးချွန်တဲ့ သူ့ကို ထိုင်းကိုယ်စားပြု အဖြစ် အမေရိကန်မှာ သွားရောက်ယှဉ်ပြိုင်နိုင်ဖို့  သက်ဆိုင်ရာ ဆရာ/ဆရာမ ကျောင်းအုပ်နဲ့ ခရိုင်ပညာရေးဌာနက အစွမ်းကုန်ကူညီပေးခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနထိ အထောက်အထား တွေ ပို့ဆောင်ပေးခဲ့ကြောင်း၊ လောလောဆယ် ပြည်ထဲရေးဌာနက စစ်ဆေးနေပြီး ဒီရက်ပိုင်းအတွင်း နိုင်ငံကူးလက်မှတ်ရမယ်လို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနနဲ့ နောက်တဆင့် သံရုံးမှာ ပြည်ဝင်ခွင့်ဗီဇာ တောင်းရမှာဖြစ်ပြီး ဒီတယောက်လည်း အခွင့်အရေး လက်လွတ် မသွားရအောင်လို့ အဖက်ဖက်ကနေ ၀ိုင်းဝန်းတောင်းဆိုနေတယ်လို့ ဆရာဆူ ရဖုန်း က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ခုလိုပြဿနာကြုံခဲ့ဖူးတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သားမိသားစုဝင်  စက္ကူပစ်ချန်ပီယံ မောင်ထောင်းဒီး (ယခုထိုင်းနိုင်ငံသားရပြီး) က လည်း သူ့ရဲ့လူမှုကွန်ရက်ကနေ ထူးချွန်ပြီး အရည်အချင်းရှိတဲ့ နိုင်ငံမဲ့ကျောင်းသူ နောင့်ဖလွဲ အမေရိကန်မှာ သွားရောက်ယှဉ်ပြိုင်ခွင့်ရဖို့ ဌာနဆိုင်ရာက လူကြီးတွေနဲ့ အဖွဲ့အစည်း က တာဝန်ရှိသူတွေအနေနဲ့ ၀ိုင်းဝန်ကူညီဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံကြောင်းနဲ့ နောင့်ဖလွဲ ကိုလည်း  စိတ်ဓာတ်မကျဖို့ အားပေး ရေးသားထားပါတယ်။

ထိုင်းနိုင်ငံရဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံသားလျှောက်ထား ခြင်းဆိုင်ရာ ဥပဒေအရ နိုင်ငံခြားရွှေ့ပြောင်းလုပ်သား သားသမီးတွေအနေနဲ့ ထိုင်းနိုင်ငံမှာ မွေးဖွားပြီး ထိုင်းနိုင်ငံမှာ ဘွဲ့ရတယ်ဆိုရင် ဒါမှမဟုတ် နိုင်ငံဂုဏ်ဆောင်ပေးနိုင်တယ်ဆိုရင် နိုင်ငံသား လျှောက်ထားခွင့် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013