DVB Logo
Home
မြန်မာသတင်း
လယ်ယာမြေ ဧက ၅၀၀၀ကျော်ပြန်ရရေး ကန့်ဘလူမြို့တွင် တောင်သူများဆန္ဒပြ
DVB
·
May 7, 2019
လယ်ယာမြေ ဧက ၅၀၀၀ကျော်ပြန်ရရေး ကန့်ဘလူမြို့တွင် တောင်သူများဆန္ဒပြ
1 / 5
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့မှာ မေလ ၇ ရက် မနက်ပိုင်းက ဒေသခံ တောင်သူ ၅၀ ကျော်စုပေါင်းကာ ကင်းတပ်ဆည်ကြောင့် ဆုံးရှုံးနစ်နာခဲ့ရတဲ့ လယ်ယာမြေဧက ၅၀၀၀ ကျော် ပြန်လည်ရရှိရေးအတွက် မြို့ထဲလှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

ကင်းတပ်ဆည်ကို ၁၉၉၆ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ဆည်ကြောင့် ရေမြုပ် ဧရိယာမှာပါဝင်တဲ့ ကျေးရွာတွေကို အုန်းပင်ကွင်းကို နေရာသတ်မှတ်ပြီး ရွှေ့ပြောင်းစေခဲ့ပါတယ်။

ဒါပေမယ့် သတ်မှတ်နေရာ အုန်းပင်ကွင်းကို မသွားကြဘဲ တခြားကျေးရွာတွေက တောင်သူတွေရဲ့ မြေမှာ ဝင်ရောက်ကျူးကျော်နေထိုင်ခဲ့ကြလို့ ကျွန်းလှ၊ ကန့်ဘလူမြို့နယ်တွေက ကျေးရွာပေါင်း ၁၂ ရွာက တောင်သူ ၃၁၅ ဦးမှာ လယ်ယာမြေဧက ၅၂၆၃ ဧက ဆုံးရှုံးခဲ့တာပါ။

ဒေသခံတောင်သူ  ဦးထွန်းဝင်းက “ရွှေ့ပြောင်းရွာတွေက သူတို့ကို သတ်မှတ်ပေးတဲ့ အုန်းပင်ကွင်းကို မသွားဘဲနဲ့ အာဏာပိုင်တွေနဲ့ပေါင်းပြီး ကန့်ဘလူမြို့နယ်က ၃ ရွာ၊ ကျွန်းလှမြို့နယ်က ၉ ရွာ စုစုပေါင်း ၁၂ ရွာက တောင်သူ ၃၀၀ ကျော်ရဲ့ လယ်ယာမြေ ၅ ထောင်ကျော်မှာ ဝင်ရောက်နေထိုင် လုပ်ကိုင်ကြတာ။ အဲဒီကိစ္စကို အဖွဲ့အစည်းပေါင်းစုံနဲ့ တိုင်တာလည်း အကြိမ် ၂၀ လောက်ရှိပြီ။ ဘာမှမထူးခြားဘူး။ ဒါကြောင့် နိုင်ငံတော်အကြီးအကဲတွေသိစေဖို့ ဆန္ဒပြတာ။ ကိုယ့်မြေ ကိုယ့်ယာ ပြန်ရချင်လို့ပါ။”လို့ ဆိုပါတယ်။

ကန့်ဘလူမြို့နယ်ဟာ စစ်ကိုင်းတိုင်းထဲမှာ သိမ်းဆည်းမြေဧက အများဆုံးဖြစ်ပါတယ်။ သိမ်းဆည်းမြေတွေ မူလတောင်သူတွေပြန်ရရေး သို့မဟုတ် မြေယာလျော်ကြေး၊ နစ်နာကြေး ရရှိရေးတို့အတွက် နိုင်ငံတော်ကလည်း မူဝါဒတွေချမှတ် လုပ်ဆောင်နေပါတယ်။

မြို့နယ်မြေစစ်အဖွဲ့ဝင် တောင်သူကိုယ်စားလှယ် ဦးသန်းဝင်းက “ဗဟိုကညွှန်ကြားတဲ့ မြေလွတ်မြေလပ်မြေရိုင်းတွေ အကောင်အထည်ဖော်တာရှိမရှိ စစ်ဆေးခိုင်းတာတွေမှာတော့ ကွင်းဆင်းတယ်။ ပြည်သူကတိုင်ကြားတဲ့ အမှုတွဲတွေကိုတော့ ကွင်းဆင်းတာမရှိဘူး။ ကွင်းဆင်းရင်လည်း တောင်သူကိုယ်စားလှယ်၊ လွှတ်တော်ကိုယ်စားလှယ် တွေကို အကြောင်းမကြားဘူး။ ဘာလို့လည်းဆိုတော့ သူတို့ဖုံးဖိတာတွေပေါ်မှာစိုးတာကိုး။ တောင်သူ ကိုယ်စားလှယ်တွေက ကွင်းဆင်းဖို့တောင်းဆိုလည်း စီစဉ်ပေးတာမရှိဘူး။ ကိုယ့်စား ရိတ်ကိုယ်စား လုပ်နေကြတာပဲ။ အခုကိစ္စကလည်း စာရွက်ထဲတင်ပျောက်နေတာ။ မြို့နယ်က ခရိုင်၊ ခရိုင်က တိုင်း၊ တိုင်းက ခရိုင်၊ ခရိုင်က မြို့နယ်ပြန်လွှဲ၊ မြို့နယ်က ခရိုင်က တိတိကျကျခိုင်းတာမရှိဆိုပြီး လုံးလည်ချာလပတ်လိုက်နေတာ။ ရေရေရာရာဘာမှမရှိဘူး။”လို့ ပြောပါတယ်။

မြေဧက ၅၀၀၀ ကျော်သိမ်းဆည်းခံရတာနဲ့ ပတ်သက်ပြီး တောင်သူအချို့က မခံနိုင်လို့ ကိုယ့်မြေကိုယ့်ယာ ဝင်ရောက်ထွန်ယက်ရာမှာလည်း တောင်သူ ၁၂ ဦးမှာ တရားစွဲဆိုခံရပြီး ထောင်ကျတာတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် မြေယာဆုံးရှုံးလို့ အနှစ် ၂၀ ကျော်အတွင်း စီးပွားပျက်သူ၊ အဝေးရောက်သူတွေနဲ့ အဆင်မပြေမှုတွေ အများကြီး ကြုံတွေ့နေရတယ်လို့လည်း ပြောပါတယ်။

မြေဧက ၅၀၀၀ ကျော်မှာ ကန့်ဘလူမြို့နယ်က ရွာသစ်ကုန်း၊ စန္ဒယား၊ သင်ပန်းတော ကျေးရွာတွေနဲ့ ကျွန်းလှမြို့နယ်က သဖန်းဆိပ်၊ ငှက်ပျောတော၊ ကျည်းအိပ်၊ ကျောက်အိုင် စတဲ့ ရွာ ၉ ရွာပါဝင်တယ်လို့ ဆိုပါတယ်။

ဆန္ဒပြပွဲမှာ အနိုင်ကျင့်ခံရတဲ့ လယ်ယာမြေများ ပြန်လည်ရရှိရေး၊ စစ်အာဏာရှင်ခေတ်ဆိုးမှ ခေါင်းပုံဖြတ်ခံရမှုများ ချုပ်ငြိမ်းရေး၊ အကျင့်ပျက်ခြစားသူ အာဏာပိုင်များ အလိုမရှိ စတဲ့ ကြွေးကြော်သံတွေကိုလည်း ချီတက်ရာလမ်းတလျှောက် ကြွေးကြော်ခဲ့ကြပါတယ်။

မေလ ၆ ရက်ကလည်း ကန့်ဘလူမြို့နယ်ကတောင်သူတွေ သိမ်းဆည်းမြေပြန်ရရေး အတွက် မုံရွာမြို့မှာ လာရောက်ဆန္ဒပြခဲ့ကြပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013