DVB Logo
Home
မြန်မာသတင်း
၈၈ မျိုးဆက်များ ထိုင်းခရီးစဉ်အတွင်း အတိုက်အခံအဖွဲ့များနှင့် ဆွေးနွေးမည်
DVB
·
November 2, 2012
၈၈ မျိုးဆက်များ ထိုင်းခရီးစဉ်အတွင်း အတိုက်အခံအဖွဲ့များနှင့် ဆွေးနွေးမည်
Donate to DVB

ဦးမြအေး၊ ဦးစိုးထွန်းအပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ဟာ ပြည်ပရောက် မြန်မာ့ အတိုက်အခံအင်အားစုတွေကို ကျယ်ကျယ်ပြန့်ပြန့်တွေ့ဆုံညှိနှိုင်းဖို့ ထိုင်းနိုင်ငံကို ဒီနေ့ စတင်ရောက်ရှိ ပါတယ်။

ဒီခရီးစဉ်မှာ ပါဝင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ၉ ဦးအနက် တချို့ဟာ ပထမအသုတ် လေကြောင်းခရီးနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်ကို ရောက်ရှိနေပါတယ်။

[caption id="attachment_32625" align="alignleft" width="300" caption="၈၈ မျိုးဆက်ကျောင်းသားများ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ မထွက်ခွာမီ ရန်ကုန်အပြည်ပြည်ဆိပ်ရာလေဆိပ်တွင်တွေ့ရစဉ်"][/caption]

သူတို့တတွေဟာ နိုဝင်ဘာ ၂ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ၁၃ ရက်ကြာ ခရီးစဉ်အတွင်းမှာ ပညာရေးဆိုင်ရာ ဆွေးနွေးပွဲတခုကို တက်ရောက်ကြမှာဖြစ်ပြီး  အဲဒီနောက် တိုင်းရင်းသားအဖွဲ့စည်းတွေ၊ နိုင်ငံရေးအဖွဲ့အစည်း၊ အမျိုးသမီးအဖွဲ့၊ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ တွေ့ဖို့ရှိပါတယ်။

ဘန်ကောက်မြို့ကို ရောက်ရှိနေတဲ့ ဦးမြအေးက ခရီးစဉ်ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး “ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ခေါင်းစဉ်အောက်က တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ပြည်ပရောက် မြန်မာအဖွဲ့အစည်းတွေနဲ့ တွေ့မယ်။ ဆွေးနွေးမယ်၊ မေးမယ်၊ သဘောထားတွေ ညှိနှိုင်းမယ့်သဘောပါ။ ပြည်ပရောက်နေတဲ့ မြန်မာတွေကလည်း တိုင်းပြည်ကိုချစ်ပေမယ့် တခုခုကြောင့် နိုင်ငံက ထွက်ခွာသွားသူတွေပဲ။ သူတို့တွေရဲ့သဘာထားအမြင်ကလည်း မြန်မာနိုင်ငံ ဒီမိုကရေစီထွန်းကားရေးအတွက် အရေးကြီးတယ်လို့ ခံယူထားပါတယ်” လို့ ပြောပါတယ်။

ပြည်ပရောက် မြန်မာတွေအနေနဲ့ ကိုယ့်ဆန္ဒအရ ကိုယ့်ပြည်တွင်းကို ပြန်လာမယ်ဆိုရင် ဂုဏ်သိက္ခာရှိရှိ ပြန်လည်ဝင်ရောက်လာနိုင်ရေးအတွက် ဘယ်လိုလုပ်ဆောင်ကြမလဲ ဆိုတာကိုလည်း ကာယကံရှင်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းမယ်လို့ ဆိုပါတယ်။

သူတို့အဖွဲ့ဟာ ချာအမ်းမြို့က ပညာရေးဆွေးနွေးပွဲအပြီးမှာ ချင်းမိုင်၊ မဲဆောက်နဲ့ မယ်ဟောင်ဆောင်မြို့တွေကို သွားရောက်မှာ ဖြစ်ပါတယ်။ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (အေအေပီပီ)နဲ့ ပြည်ပအခြေစိုက် နိုင်ငံရေးအင်အားစုတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အပါအ၀င် တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ ထိုင်းအခြေစိုက် မြန်မာ သတင်းဌာနတွေနဲ့လည်း တွေ့ဆုံမယ်လို့ ပြောပါတယ်။

ခရီးစဉ်အတွင်းမှာ ပညာရေးနဲ့ ပတ်သက်လုပ်ဆောင်နေတဲ့ သပြေဖောင်ဒေးရှင်းနဲ့ ၂ ရက်ကြာ တွေ့ဆုံဆွေးနွေးမှာ ဖြစ်သလို ဘန်ကောက် မဟာချိုင်ရှိ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ ဦးမြအေး၊ ဦးထွန်းမြင့်အောင်၊ ဦးစိုးထွန်း၊ ဦးပြုံးချို၊ ဦးအံ့ဖွယ်ကျော်၊ ဒေါ်မီမီလွင်၊ ဒေါ်စန်းစန်းမော်၊ ဒေါ်ရင်ရင်ဝိုင်းနဲ့ ဒေါ်မီးမီးတို့ ၉ ဦး လိုက်ပါမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013