DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ဘဏ်က မြန်မာကို ဖွံ့ဖြိုးရေးအကူငွေ ဒေါ်လာသန်း ၈၀ ပြန်လည်ပေးအပ်
DVB
·
November 2, 2012
ကမ္ဘာ့ဘဏ်က မြန်မာကို ဖွံ့ဖြိုးရေးအကူငွေ ဒေါ်လာသန်း ၈၀ ပြန်လည်ပေးအပ်
Donate to DVB

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ဆယ်စုနှစ် ၂ ခုကျော် ဖွံ့ဖြိုးရေးအကူငွေတွေနဲ့ ချေးငွေတွေ မပေးဘဲ ထားရာကနေ ပြည်သူလူထုအခြေပြု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေအတွက် လိုအပ်တဲ့ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ သန်း ၈၀ ပေးဖို့ ဘဏ်အုပ်ချုပ်ရေးအဖွဲ့က အတည်ပြုပေးလိုက်တယ်လို့ ကမ္ဘာ့ဘဏ်က ဒီနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို အားပေးထောက်ခံတဲ့အနေနဲ့ မြန်မာပြည်သူတွေရဲ့ ဘ၀ တိုးတက်သာယာစေမယ့် ကြားဖြတ်မဟာဗျူဟာ အစီအစဉ်အရ ပေးအပ်တာလို့ ကမ္ဘာ့ဘဏ် က ကြေညာချက်မှာ ဖော်ပြပါတယ်။

ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ မစ္စတာဂျင်ယုံကင်းက မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေ တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ၀မ်းမြောက်တဲ့အကြောင်း၊ မြန်မာအစိုးရကို အပြောင်းအလဲတွေ ဆက်လုပ်ဖို့ အားပေးတဲ့အကြောင်းနဲ့ ပြည်သူတွေအတွက် အရေးအကြီးဆုံး လိုအပ်ချက်တွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးမှာ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ဆက်သွယ်မယ်လို့ ကြေညာချက်မှာ ပြောပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အကူငွေတွေဟာ မြန်မာနိုင်ငံက ဆင်းရဲနွမ်းပါးတဲ့ အားနည်းသူတွေ အတွက် အကျိုးခံစားရဖို့ ရည်ရွယ်ပြီး ဒီလူတွေအနေနဲ့ သူတို့အတွက် လိုအပ်တဲ့ လမ်းတံတား၊ စိုက်ပျိုးရေရရှိရေး၊ ကျောင်း၊ ဆေးပေးခန်းတွေနဲ့ ဈေး စတာတွေကို ကိုယ်တိုင်ရွေးချယ်ခွင့် ရလာမယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

၁၈ လကြာ ဖွံ့ဖြိုးရေးအစီအစဉ်အရ မြန်မာနိုင်ငံ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၅ ခုထဲက မြို့နယ်တခုကို စံပြအဖြစ် ရွေးချယ်လုပ်ကိုင်မှာဖြစ်ပြီး ရွေးချယ်ခံရတဲ့ မြို့နယ် ကျေးရွာတွေမှာရှိတဲ့ ဒေသခံတွေအနေနဲ့ ကိုယ့်ဒေသအတွက် လိုအပ်တဲ့ ဖွံ့ဖြိုးရေး အစီအစဉ်တွေကို ကိုယ်တိုင် ရေးဆွဲအကောင်အထည်ဖော်ပြီး ပွင့်လင်းမြင်သာမှုရှိရှိ တာဝန်ယူ လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။

ရိုက်တာသတင်း ၁ ပုဒ်မှာတော့ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ဘဏ်ကို ပေးရန်ရှိတဲ့ အကြွေး ဒေါ်လာသန်း ၄၀၀ လောက် ဆပ်ပြီးရင် နောက်ထပ် ဒေါ်လာ ၁၆၅ သန်းလောက် အကူအညီ ရနိုင်သေးတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒု-ဥက္ကဋ္ဌ Pamela Cox ပမ်မာလာ ကော့်ဇ်က ပြောတဲ့အကြောင်းနဲ့ ကမ္ဘာ့ဘဏ်က ကူညီပေးဖို့ လျာထားတဲ့ ချေးငွေနဲ့ ထောက်ပံ့ငွေ စုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၂၄၅ သန်း ရှိတယ်လို့ ဖော်ပြပါတယ်။

ဒါဟာ ကမ္ဘာ့ဘဏ်အနေနဲ့ မြန်မာနိုင်ငံကို နှစ်ပေါင်း အစိတ်လောက် ငွေမချေးဘဲထားရာ ကနေ ချေးငွေနဲ့ ဖွံ့ဖြိုးရေးအကူငွေတွေ ပထမဆုံးအကြိမ် ပြန်ပေးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

မြန်မာပြည်ဟာ ကမ္ဘာ့ဘဏ်ရဲ့အကြွေး အမေရိကန်ဒေါ်လာ ၃၉၃ သန်းပေးဖို့ရှိပြီး ဒီငွေတွေ ပြန်မဆပ်တဲ့အတွက် ၁၉၈၇ ခုနှစ်မှာ မြန်မာပြည်ကို ငွေချေးတာတွေ ရပ်ဆိုင်းခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဘဏ္ဍာရေး အဖွဲ့အစည်းတွေက ငွေထုတ်ချေးတာကို တင်းကျပ်ထားတဲ့အပေါ် ရုပ်သိမ်းတဲ့ဥပဒေကို ပြီးခဲ့တဲ့လက အတည်ပြုပြဋ္ဌာန်းလိုက်ပြီးနောက်မှာ ခုလို ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ငွေကြေး အကူအညီ ပြန်ပေးဖို့ ဆုံးဖြတ်လိုက်တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013