DVB Logo
Home
မြန်မာသတင်း
ကေအန်ပီပီနှင့် ပြည်နယ်အစိုးရ လစဉ်ပုံမှန်တွေ့ဆုံရန်အပါအ၀င် သဘောတူညီချက်တချို့ရရှိ
DVB
·
May 7, 2019
ကေအန်ပီပီနှင့် ပြည်နယ်အစိုးရ လစဉ်ပုံမှန်တွေ့ဆုံရန်အပါအ၀င် သဘောတူညီချက်တချို့ရရှိ
1 / 2
Donate to DVB

ကယားပြည်နယ်အစိုးရ၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (အန်အာပီစီ)နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)တို့ မေလ ၆ ရက်က လွိုင်ကော်မြို့မှာ တွေ့ဆုံဆွေးနွေးပြီး  သဘာတူညီချက် တချို့ရရှိခဲ့ပါတယ်။

သဘောတူညီချက်တွေထဲမှာ ပြည်နယ်အဆင့် လစဉ်ပုံမှန်အစည်းအဝေး ကျင်းပခြင်း ဆိုင်ရာ လုပ်ငန်းလမ်းညွှန် အတည်ပြုတာ၊ ကေအန်ပီပီအနေနဲ့ ဆောင်ရွက်လိုတဲ့ စီးပွားရေးနဲ့  ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေကို ပြည်နယ်အစိုးရနဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့က တဆင့် အဆိုပြု တင်ပြရန်၊ ကေအန်ပီပီအနေနဲ့ ဒေသဖွံ့ဖြိုးရေးကိစ္စ ပူးပေါင်းဆောင်ရွက်လိုတဲ့ ကိစ္စရပ်တွေကို ငြိမ်းချမ်းရေးကော်မရှင်သို့ ဆက်သွယ်ဆောင်ရွက်ရန်နဲ့ ကျန်းမာရေးနဲ့ ပညာရေးကိစ္စတွေကို ပြည်နယ်အဆင့် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စတွေ ပါဝင်ပါတယ်။

ဒီကနေ့ဆွေးနွေးမှုနဲ့ပတ်သက်ပြီး နှစ်ဖက်စလုံးက ကျေကျေလည်လည်ဆွေးနွေးခဲ့တဲ့ အတွက် အားရကျေနပ်ပြီး ကေအန်ပီပီနဲ့ ပြည်နယ်အစိုးရ အကြား လစဉ်ပုံမှန်အစည်းအဝေးတွေ ပုံစံတကျ ပြန်လည် ကျင်းပနိုင်မယ်လို့ ကေအန်ပီပီ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး ကော်မီတီ ပြောခွင့်ရ နဲနယ်ပလိုးက ပြောပါတယ်။

“လစဉ်ပုံမှန်အစည်းအဝေးကျင်းပမယ်။ လ တစ်လရဲ့ အဆုံးမှာ ကျင်းပမယ်။ ကျင်းပတဲ့ အခါလည်း အစည်းအဝေး ပုံစံကျအောင်အစည်းအဝေးနဲ့ပတ်သက်တဲ့ GORD တွေကို ရေးဆွဲနိုင်ခဲ့တယ်ပေါ့နော်။ အရင်က လစဉ်ပုံမှန်အစည်း အဝေးက ရှိတယ်။ သဘောတူ ညီချက် တရားဝင်အစည်းအဝေးက ဖြစ်ရမယ်ပေါ့နော် သို့သော် ဆွေးနွေးပုံစံတွေက တခါတလေ အလွတ်သဘော ဆွေးနွေးတဲ့ ပုံစံတွေဖြစ်တာပေါ့နော်။ အစည်းအဝေးက ပုံစံမကျတော့ ဒီတခေါက်အစည်းအဝေး ပုံစံကျအောင် လာဆွေးနွေးတယ်။ ဆွေးနွေးဖြေရှင်းကူဖို့အတွက် အန်အာပီစီကိုလည်း ဖိတ်ပြီး လာဆွေးနွေးကူတာ ပေါ့နော်။ ဆွေးနွေးတဲ့အခါမှာ အစည်းအဝေး ကို ပြန်ပြီးတော့ ကျင်းပနိုင်မယ်။ ကျင်းပတဲ့အခါမှာ အစည်းအဝေးကို ပုံစံကျအောင် သဘောတူညီမှုတွေ ရရှိခဲ့ပါတယ်။”

အန်အာပီစီနဲ့ ကေအန်ပီပီနောက်တကြိမ်ပြန်လည်တွေ့ဆုံဖို့ အစိုးရဘက်က ခုမေလမှာပဲ အဆိုပြုထားပေမယ့် ကေအန်ပီပီဘက်က ဗဟိုကော်မီတီ အစည်းအဝေး ကျင်းပပြီးမှသာ ပြန်လည် အကြောင်းပြန်မယ်လို့ တုံ့ပြန်ပါတယ်။

ကေအန်ပီပီအနေနဲ့ အန်စီအေ စာချုပ်မှာ အမြန်ဆုံး လက်မှတ်ထိုးနိုင်ဖို့ နှစ်ဖက်လုံးက သဘောတူညီထားပေမယ့် အချိန်ကိုတော့ ထုတ်ဖော်ပြောဆိုဖို့ ခက်တယ်လို့လည်း ပြောပါတယ်။

ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွန်ချုပ် ဦးဇော်ဌေးက “နှစ်ဖက်လုံးက ထက်ထက်သန်သန်နဲ့ သဘောတူနိုင်ခဲ့တဲ့အတွက် တော်တော်လေး ကောင်းမွန်တဲ့ ဆွေးနွေးပွဲ ဖြစ်တယ်။ နောက်မကြာခင်မှာ ကျနော်တို့ ကေအန်ပီပီနဲ့ အန်အာပီစီနဲ့ တွေ့ပါမယ်။ ပြီးရင် တပ်မတော်နဲ့ တွေ့ပါမယ်။ တွေ့ပြီးရင် နောက်တဆင့်ကတော့ အန်စီအေ ရေးထိုးပါမယ်။ အဲဒီပေါ်မှာလည်း အကြမ်းဖြင့် အန်စီအေထိုးဖို့ ဘယ်လိုဘယ်လိုသွားမလဲဆိုတာ ကျနော်တို့ ကျေကျေလည်လည် ဆွေးနွေးနိုင်တာပေါ့နော်။ အဲတော့ ခြုံလိုက်ရင်တော့ ကောင်းမွန်တဲ့ တွ့ဆုံမှုလည်းဖြစ်တယ်။ ရင်းနှီးပွင့်လင်းတဲ့ ဆွေးနွေး မှုတွေရှိတယ်။ အပြုသဘောဆောင်ပြီးတော့ တိုးတက်မှုတွေ ရတယ်။”လို့ ပြောပါတယ်။

ကေအန်ပီပီဟာ အစိုးရနဲ့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ၂၀၁၂ ဇွန် ၉ ရက်မှာ လက်မှတ်ခဲ့ပြီး အပစ်ခတ်ရပ်စဲတဲ့ ၇ နှစ်ကျော် ကာလအတွင်း ထိတွေ့မှု ၂ ကြိမ်သာ ဖြစ်ပွားခဲ့တဲ့အတွက် ဒါဟာ နှစ်ဖက်စလုံးက အပစ်ခတ်ရပ်စဲမှုကို ထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်တယ်လို့ အန်အာပီစီ အတွင်းရေးမှူး ဦးခင်ဇော်ဦးက ပြောပါတယ်။

“အထူးသဖြင့် ကေအန်ပီပီနဲ့ဆိုရင်တော့ ကျနော်တို့ တိုက်ပွဲ မရှိသလောက်ရှားပါတယ်။ နှစ်ဖက်စလုံး ထိန်းသိမ်းနိုင်တဲ့အတွက်ကြောင့်လည်း တပ်မတော်ရော၊ ကေအန်ပီပီကိုပါ ကျနော်အများကြီး အသိအမှတ်ပြု ပါတယ်။ ”

ဒါ့အပြင် အန်စီအေစာချုပ်ဟာ ဖယ်ဒရယ်ပြည်ထောင်စုကို သွားမယ့် ဂိတ်ဖြစ်တဲ့အတွက် အန်စီအေကို လက်မှတ်ရေးထိုးဖို့ စိတ်ဆန္ဒရှိတယ်ဆိုရင် အမြန်ဆုံးထိုးဖို့နဲ့ ဒီလိုထိုးမှသာလျှင် အကန့်အသတ်မရှိ ပူးပေါင်း ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့လည်း ဦးခင်ဇော်ဦးက တိုက်တွန်းသွားပါတယ်။

ဒ့ါအပြင် ဒုဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်တဲ့ တပ်မတော်ညှိနှိုင်းရေးအဖွဲ့ကလည်း ကေအန်ပီပီ နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး  အန်စီအေစာချုပ်လက်မှတ်ရေးထိုးနိုင်ရေး၊ နှစ်ဖက်တပ် အကြား ယုံကြည်မှု တည်ဆောက်နိုင်ရန် အတွက် လှုပ်ရှားသွားလာမှုများကို လက်နက်မဲ့သာ ဆောင်ရွက်ရေး၊ လက်နက်ဖြင့် သွားလာရန် လိုအပ်ပါက နှစ် ဖက်ညှိနှိုင်းအကြောင်းကြားပြီး ဆောင်ရွက်ရေးတို့ကိ သဘောတူညီချက်တွေ ရရှိခဲ့ပါတယ်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုကတော့ သူ့အနေနဲ့ ငယ်စဉ်ကတည်းက တောချုံတောင်ကြားမှာသာ ကြီးပြင်းလာခဲ့ရသူဖြစ်လို့ တိုင်းရင်းသားတွေ ခံစားရသလို ငြိမ်းချမ်းမှုကို လိုလားနေကြောင်းနဲ့ သူတာဝန်ယူနေချိန်မှာ ငြိမ်းချမ်းရေးအတွက် အစွမ်းကုန် ကြိုးစားနေကြောင်းလည်း အစည်းအဝေး အပိတ်အမှာစကား ပြောကြားခဲ့ပါတယ်။

ကယားပြည်နယ်အစိုးရ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (အန်အာပီစီ)နဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) တို့  မေလ ၆ ရက်နေ့က လွိုင်ကော်မြို့ Famous ဟိုတယ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။

ဒီဆွေးနွေးပွဲမှာတော့ အန်အာပီစီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွန်ချုပ် ဦးဇော်ဌေးနဲ့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်တွေ တက်ရောက်ပြီး၊ ပြည်နယ်အစိုးရ ဘက်တော့ ၀န်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို အပါအ၀င် ကယားပြည်နယ် အစိုးရအဖွဲ့တွေ တက်ရောက်ခဲ့သလို ကေအန်ပီပီ ဘက်ကတော့ ဒုဥက္ကဋ္ဌ ခူးဦးရယ်ဦးဆောင်ပြီး ဗဟိုကော်မီတီ ၁၁ ဦးတက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013