DVB Logo
Home
မြန်မာသတင်း
ABSDF အဖွဲ့ဝင် ၂ ဦးအပါအ၀င် အန်စီအေ အပစ်ရပ်အဖွဲ့ဝင် ၂၃  ဦးကို ပြန်လွှတ်ပေး
DVB
·
May 7, 2019
ABSDF အဖွဲ့ဝင် ၂ ဦးအပါအ၀င် အန်စီအေ အပစ်ရပ်အဖွဲ့ဝင် ၂၃  ဦးကို ပြန်လွှတ်ပေး
Donate to DVB

နိုင်ငံတော်သမ္မတက အကျဉ်းသား ၆၅၀၀ ကျော်ကို ဒီကနေ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးရာမှာ   အန်စီအေ အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ဝင် ၂၃ ဦးလည်း ပါဝင်လာပါတယ်။

ပြန်လွှတ်ပေးလိုက်သူတွေထဲမှာ လက်နက်မှု၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ  ၁၇(၁) တို့နဲ့ ဖမ်းဆီးထောင်ချခံနေရတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရှမ်းပြည်တပ်တော်/ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)နဲ့ ရှမ်းပြည်တပ်မတော်/ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) အဖွဲ့ဝင်တွေ ပါဝင်တယ်လို့ သမ္မတရုံး ပြောခွင့်သူ ဦးဇော်ဌေးက လွိုင်ကော်မြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။

“ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို ရှေးရှုပြီးတော့ ကျနော်တို့ NRPC ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တင်လာတဲ့ အန်စီအေထိုးပြီးသား အဖွဲ့ ၃ ဖွဲ့ရှိပါတယ်။ ပထမ အဖွဲ့ကတော့ RCSS/SSA ဖြစ်ပါတယ်။ ဒုတိယ SSPP/SSA နဲ့ တတိယကတော့ ABSDF ဖြစ်ပါတယ်။ ဒီအဖွဲ့တွေက ပြန်လွှတ်ပေးဖို့ တင်ပြလာတာ အယောက် ၃၀ ရှိပါတယ်။ ဒါကို ပြည်ထဲရေး ဝန်ကြီးဌာနက ပြန်စစ်တော့ ၃ ယောက် xxx ဖြစ်ပါတယ်။ ၃ ယောက်ကတော့ နာမည်စာရင်း ထပ်နေတယ်။ တယောက်ကတော့ နာမည်နဲ့လူနဲ့မှားတာဖြစ်မယ်။ မတွေ့ဘူးပေါ့နော်။ ကျန်တဲ့ ၂၃ ယောက်ကို ပြန်လွှတ်ပေးလိုက်ပါတယ်။ သူတို့ကတော့ လက်နက်မှု၊ ၁၇(၁) လို အမှုတွေပါ။”

ABSDF မြောက်ပိုင်း ဒု ဥက္ကဋ္ဌ ကိုအောင်ဆွေဦးနဲ့ ရဲဘော်မောင်ဦးတို့ကို မတရားသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့   ကချင်ပြည်နယ် မိုးညှင်းမြို့မှာ တရားစွဲဆိုပြီး ဧပြီ ၁၁ ရက်က ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့ ပြန်လွတ်လာသူတွေထဲမှာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ် နှစ်ရှည် ကျခံနေရတဲ့ သရုပ်ဆောင်မိုးအောင်ရင်နဲ့  ထောင်ဒဏ် ၇ နှစ် ကျခံနေရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ လည်းပါဝင်လာပါတယ်။

သတင်းသမား နှစ်ဦးပြန်လွှတ်ပေးလိုက်တာနဲ့ ပတ်သက်ပြီး ဦးဇော်ဌေးက “ရိုက်တာ သတင်းထောက်နှစ်ယောက် ကျော်စိုးဦးနဲ့ ဝလုံးတို့လည်း သမ္မတ ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့် ထဲမှာ ပါပါတယ်။ သူတို့ကလည်း ပြီးခဲ့တဲ့ မဏ္ဍိုင် ၄ ရပ်အစည်းအဝေးမှာ မိသားစုဝင်တွေ ကနေပြီးတော့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဆီကိုရော၊ နိုင်ငံတော်သမ္မတဆီကိုရော စာပို့လာ ပါတယ်။ ပို့လာတဲ့အပေါ်မှာ နိုင်ငံတော်ရဲ့ ရေရှည်အကျိုး စီးပွားအတွက် မျှော်တွေးပြီးတော့ ရိုက်တာသတင်းထောက်နှစ်ယောက်ကို ပြန်လွှတ်လိုက်ခြင်း ဖြစ်ပါတယ်” လို့ပြောပါတယ်။

ဒီကနေ့ ပြန်လွတ်လာသူတွေအထဲမှာ အသက်ကြီးရင့်တဲ့ အကျဉ်းသားတွေ၊ ကလေး အကျဉ်းသားတွေ၊ မူးယစ်ဆေးဝါးအပြား ၃၀ နဲ့အောက်နဲ့ မိပြီးတော့ ပြစ်ဒဏ်ကျခံနေရသူတွေ အများစု ပါဝင်တယ်လို့လည်း သိရပါတယ်။

မြန်မာနှစ်သစ်ကူးအတာသင်္ကြန်အပြီး ဧပြီ ၁၇ ရက်နေ့က တကြိမ်၊ ဧပြီ ၂၆ ရက်က တကြိမ် ဒီကနေ့ မေလ ၇ ရက်မှာ တကြိမ် သမ္မတက စုစုပေါင်း လွတ်ငြိမ်းချမ်းသာ ခွင့်သုံးကြိမ်ပေးပြီး အကျဉ်းသားစုစုပေါင်း ၂၃၀၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013