DVB Logo
Home
မြန်မာသတင်း
ရိုက်တာသတင်းသမား ၂ဦးကို ပြန်လွှတ်ပေးသည့်အပေါ် ဗြိတိန်နှင့် အမေရိကန်ကြိုဆို
DVB
·
May 7, 2019
ရိုက်တာသတင်းသမား ၂ဦးကို ပြန်လွှတ်ပေးသည့်အပေါ် ဗြိတိန်နှင့် အမေရိကန်ကြိုဆို
Donate to DVB

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို မြန်မာအစိုးရက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်တဲ့အပေါ် ၀မ်းမြောက်ကြောင်းနဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် သတင်းကောင်းဖြစ်တယ်လို့  ဗြိတိသျှသံအမတ်ကြီး ဒန်ချက်က ပြောပါတယ်။

နိုင်ငံတဝန်း အကျဉ်းထောင် အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား/သူ ၆၅၀၀ ကျော်ကို ဒီကနေ့ မေလ ၇ ရက်နေ့မှာ သမ္မတက  ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်ပေးပြီး ပြန်လွှတ်ပေးရာမှာ အင်းစိန်ထောင်မှာ ထောင်ဒဏ် ၇ နှစ်ပြစ်ဒဏ် ကျခံနေရတဲ့ ရိုက်တာ သတင်းထောက် ၂ ဦးလည်း ပါဝင်လာတာဖြစ်ပါတယ်။

တရားလွှတ်တော်ချုပ်က နောက်ဆုံး ဆုံးဖြတ်ချက်ချပြီး ရက်အနည်းငယ်အကြာမှာ ခုလို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တာဟာ အစောပိုင်းတရားစီရင်ရေးမှာ လိုအပ်ချက် ရှိနေတာကို  မြန်မာအစိုးရက နားလည်သဘောပေါက်ပြီး တရားဥပဒေစိုးမိုးရေးကို အားပေးတဲ့ အစိုးရရဲ့ ကတိက၀တ်နဲ့ အညီ လုပ်ဆောင်လိုက်ခြင်း ဖြစ်တယ်လို့လည်း ဗြိတိသျှသံအမတ်က ထုတ်ပြန်ပြောကြာပါတယ်။

ခုလို ပြန်လွှတ်ပေးလိုက်တာဟာ သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် သတင်းကောင်း တရပ်ဖြစ်တယ်၊ လွတ်လပ်ပြီး ခိုင်မာတဲ့ မီဒီယာဟာ ဘယ် ဒီမိုကရေစီ အတွက်မဆို လိုအပ်တဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်၊ ယူကေနဲ့ မြန်မာမှာသာ သာမက တကမ္ဘာလုံးရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ထောက်ပံ့ကူညီပေး သွားဖို့ ယူကေအစိုးရက ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

အလားတူ အမေရိကန် သံရုံးကလည်း သတင်းထောက် ကိုဝလုံးနဲ့  ကိုကျော်စိုးဦးတို့ လွတ်မြောက်လာတဲ့အတွက် ကြိုဆိုတဲ့အကြောင်းနဲ့  မိသားစုထံ ပြန်သွားနိုင်ပြီ ဖြစ်လို့ ဝမ်းမြောက်တဲ့ အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုနဲ့ ပတ်သက်ပြီး သတင်းရေးသားခဲ့တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့  ၂၀၁၈ စက်တင်ဘာ ၃ ရက်နေ့မှာ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရ တာဖြစ်ပါတယ်။

ဒီအမှု အယူခံကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က  ဧပြီ ၂၃ ရက်က ပယ်ချလိုက်ပြီးနောက် သီတင်းနှစ်ပတ်အကြာမှာ သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ  အင်းစိန်ထောင်မှာ ရက်ပေါင်း ၅၀၀ ကျော် အကျဉ်းကျခံနေရ စဉ်အတွင်း ကမ္ဘာ့ သတင်းစာလောကမှာ အမြင့်ဆုံးဆုဖြစ်တဲ့ ၂၀၁၉ ခုနှစ်အတွက် ပူလစ်ဇာဆုနဲ့  UNESCO ရဲ့ သတင်းလွတ်လပ်ခွင့်ဆု အပါအ၀င် နိုင်ငံတကာက ဆုတွေပေးအပ် ချီးမြှင့်ခံ ခဲ့ရတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013