DVB Logo
Home
မြန်မာသတင်း
သိမ်းဆည်းမြေပြန်ရရေး ကန့်ဘလူတောင်သူများ ဆန္ဒပြ
DVB
·
May 6, 2019
သိမ်းဆည်းမြေပြန်ရရေး ကန့်ဘလူတောင်သူများ ဆန္ဒပြ
1 / 5
Donate to DVB

သိမ်းဆည်းမြေယာတွေပြန်ရရေး အစိုးရက တာဝန်ယူ ဖြေရှင်းပေးဖို့အတွက် ကန့်ဘလူမြို့နယ်၊ ဘူးကုန်းနဲ့ မြေမွန်ကျေးရွာက ဒေသခံတောင်သူတွေ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီမနက်ပိုင်းက လာရောက်ဆန္ဒပြကြပါတယ်။

ဒီမြေတွေကို ၁၉၈၀ ခုနှစ်က ပြောင်းစိုက်ပျိုးရေးစီမံကိန်းအတွက်ဆိုကာ မြန်မာ့ စိုက်ပျိုးရေးကော်ပိုရေးရှင်းက အနှစ် ၃၀ စီမံကိန်းနဲ့ မြေဧက ၁၀၀၀ ကျော်ကို သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။

ဘူးကုန်းကျေးရွာက တောင်သူ ဒေါ်တင်တင်ဌေးက "စုစုပေါင်း ၁၁၂၉ ဧကကို သူတို့ကောင်းကျိုးအတွက် လုပ်ကိုင်စားနေတာခက်ရင် ပြန်ပြီးဓားမဦးချ တောင်သူတွေကို အညီအမျှပေးဖို့ တောင်သူ ၁၂၀ ကနေ အစိုးရနဲ့ လွှတ်တော်ကို လျှောက်ထားပါတယ်။ ၂၀၁၇ မှာ ဦးစိုးနိုင်ဆိုတဲ့သူက ဓားမဦးချ တောင်သူ ၅ ယောက်ကို ပြေစာခွန်ရှိသူ၊ အတိအလင်း ပြောနိုင်တဲ့သူ ၅ ယောက်ကို ပုဒ်မ ၆၁၊ ၄၄၇၊ ၄၂၇ နဲ့ တရားစွဲလို့ ရွှေဘိုထောင်ကြီးချုပ်မှာ ၁ နှစ် ၃လ ၉ ရက် နေခဲ့ရပါတယ်။ သိမ်းထားတဲ့ မြေတွေကို ဓားမဦးချ တောင်သူတွေကို ပြန်ပေးဖို့ အခုလို ဆန္ဒပြရခြင်းဖြစ်ပါတယ်။"လို့ ပြောပါတယ်။

တိုင်းစိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ မျိုးသန့်ထုတ်လုပ်ဖို့အတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ကတည်းက လုပ်ကိုင်လာတာဖြစ်ပြီး ၂၀၁၈ ခုနှစ်က ဧက ၁၈၀ လောက်ကို ပြန်လည် ပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့ တိုင်းစိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။

တိုင်းစိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက "တောင်သူတွေ တင်ပြလာတဲ့အပေါ်မှာ သက်ဆိုင်ရာအဆင့်ဆင့်ကို တင်ပြထားတယ်။ တောင်သူတွေကိုလည်း ဆန္ဒမစောဖို့ ပြောထားတယ်။ အဆင့်ဆင့်စိစစ်ပြီး တောင်သူမြေဆို ပြန်ပေးမယ်။ အစိုးရမြေဆို မျိုးသန့်ထုတ်ရေး ဆက်လုပ်မယ်ဆိုပြီး ပြောထားတယ်။ ဒါကို သူတို့က ဘာမှ မထူးဘူးဆိုပြီး မစောင့်နိုင်ဘဲ ဆန္ဒပြကြတာ။"လို့ ပြောပါတယ်။

မြေမွန် မျိုးသန့်ခြံမှာ ပဲစဉ်းငုံ၊ ပဲတီစိမ်း၊ နေကြာတွေကို စိုက်ပျိုးနေပြီး ထွက်တဲ့မျိုးတွေကို စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတွေကို ဖြန့်ဖြူးပေးနေတယ်လို့ သိရပါတယ်။

တောင်သူတွေကတော့ မတရား သိမ်းဆည်းမြေယာများ ပြန်ရရေး၊ မြေသိမ်းယာသိမ်း စနစ်ဆိုး အလိုမရှိ၊ သိမ်းဆည်းမြေနဲ့ပတ်သက်လို့တိုင်းအစိုးရတာဝန်ယူဖြေရှင်းပေးရေး စတဲ့ ကြွေးကြော်သံတွေကို မုံရွာမြို့တော်ခန်းမရှေ့ကနေ ကားလေးကွင်းရှေ့ထိ ဗိုလ်ချုပ်လမ်းတလျှောက် ချီတက်ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013