DVB Logo
Home
Lead Story
လေလွင့်ခွေးအရေး ခေါင်းလောင်းထိုးသံ (အယ်ဒီတာအာဘော်)
DVB
·
May 6, 2019
လေလွင့်ခွေးအရေး ခေါင်းလောင်းထိုးသံ (အယ်ဒီတာအာဘော်)
Donate to DVB

မေလ ၁ ရက်က လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်အကောင့်တခုကနေ  အထူးသတိပေး ကြေညာချက်ဆိုပြီး ရန်ကုန်မြို့၊ ပုဇွန်တောင်၊ေ ရေကျော်လမ်းပေါ် သောင်းကျန်းနေသည့် ခွေးတကောင် အကြောင်းရေးတင်သည်။

အိမ်အမှတ် အတိအကျနှင့် ရေးတင်ထားတာဖြစ်ပြီး ယင်းအိမ်ရှေ့တွင်ရှိသည့် လမ်ဘေးခွေးတကောင်က လမ်းသွားလမ်းလာများကို လိုက်ကိုက်နေပုံ၊ အိမ်ရှင်ဖြစ်သူက ယင်းခွေးကို အကာအကွယ်ပေးထားပုံများ ပါရှိသည်။

မေလ ၂ ရက်တွင် ပုဇွန်တောင်စည်ပင်ဝန်ထမ်းများက ယင်းခွေးကို လာရောက်ဖမ်းဆီးသွားသည့် သတင်းဓာတ်ပုံများ လူမှုကွန်ရက်ပေါ် တက်လာသည်။ ဖေ့စ်ဘွတ်ခ်အစွမ်းနှင့် လမ်းဘေးခွေးတကောင်ကို ဖမ်းဆီးလိုက်နိုင်သော်လည်း အလားတူ လမ်းဘေးနေ လေလွင့်ခွေးကောင်ရေ ၁ သိန်းကျော် ရန်ကုန်မြို့တွင် ကျန်ရှိနေသည်။

မကြာသေးခင်ကမှ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွင် ဒုတိယမြို့တော်ဝန်အဖြစ် တင်မြှောက်ခံထားရသူက လမ်းဘေး လေလွင့်ခွေးပြဿနာကို ဦးစားပေး ဖြေရှင်းမည်ဟု ကတိပြု ပြောကြားထားသည်။

အခုထိတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ လေလွင့်ခွေးပြဿနာ ဖြေရှင်းဆောင်ရွက်ချက် တစုံတရာ မတွေ့မမြင်ရသေး။

အစိုးရသက်တမ်း တတိယ ၁ နှစ်တာကာလ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် နိုင်ငံပိုင်မီဒီယာတို့ တွေ့ဆုံမေးမြန်းရာတွင် ခွေးရူးပြန်ရောဂါနှင့် ပတ်သက်ပြီး ယခုလို ပြောထားသည်။

“ခွေးရူးပြန်ရောဂါနဲ့ ပတ်သက်လို့ရှိရင် ၃ နှစ်တာ ကာလအတွင်းမှာ နိုင်ငံတော်က ငွေကျပ် ၁၄ ဘီလီယံလောက် သုံးစွဲပြီး ခွေးရူးပြန်ကာကွယ်ဆေးနဲ့ ပဋိပစ္စည်းတွေ ဝယ်ယူပြီး အခမဲ့ ထိုးနှံကုသပေးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာဆိုရင် ခွေးကိုက်ခံရတဲ့လူနာ ၁၉၀,၀၀၀ အထိ ထိုးပေးခဲ့တယ်။ ခွေးရူးပြန်ရောဂါကြောင့် သေဆုံးမှုက လျော့နည်းလာပါတယ်။ ၂၀၁၆ ခုနှစ်မှာ ခွေးရူးပြန်ရောဂါနဲ့ သေဆုံးတဲ့လူနာ ၉၉ ဦးရှိခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ၇၀ အထိ လျော့ကျလာခဲ့ပါတယ်။ ခွေးသာမကိုက်လို့ရှိရင် ခွေးရူးပြန်ကာကွယ်ဆေး ထိုးစရာမလိုဘူး၊ ဘဏ္ဍာငွေ အကုန်အကျ နည်းသွားပါမယ်။ ဒီခွေးမကိုက်အောင် ကျနော်တို့ဝန်ကြီးဌာနက လုပ်လို့မရပါဘူး။ မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာနနဲ့ စည်ပင်သာယာရေး ကော်မတီကအစ သက်ဆိုင်သူအားလုံး ဝိုင်းဝန်းပြီး ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။”

သို့သော် ယခုအချိန်အထိ သက်ဆိုင်ရာဌာနများ စုပေါင်း၍သော်လည်းကောင်း၊ တာဝန်ရှိသည့် စည်ပင်သာယာရေးကော်မတီကလည်းကောင်း လေလွင့်ခွေးပြဿနာကို ကိုင်တွယ်ဖြေရှင်းခြင်း မရှိသေးပေ။

အထူးသဖြင့် ရန်ကုန်စည်ပင်သည် လေလွင့်ခွေးပြဿနာကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း အလျဉ်းမရှိသလို မြို့တော်ဝန်၏ ပြောစကားများနှင့်သာ အချိန်ကုန်နေသည်ကို စိတ်မသက်သာဘွယ်ရာ တွေ့မြင်နေရသည်။

သာကေတမြို့နယ်နေ အသက် ၁၂ နှစ်အရွယ် အလယ်တန်းကျောင်းသားလေးတဦး အကြိမ်ကြိမ် ခွေးကိုက်ခံခဲ့ရပြီးနောက် ခွေးရူးပြန်ရောဂါဖြင့် ဧပြီ ၂၃ ရက်တွင် သေဆုံးခဲ့ရရှာသည်။

နာရေးဖိတ်စာတွင် ကလေးငယ် ခွေးရူးပြန်ရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း၊ ခွေးကိုက်ခံရပါက ၂၄ နာရီအတွင်း ခွေးရူးပြန်ကာကွယ်ဆေး ထိုးကြပါဟု ကလေးငယ်၏ မိဘက ထည့်သွင်း သတိပေးရေးသားခဲ့ရသည်အထိ အခြေအနေက ဆိုးခဲ့သည်။

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်က ဒီးဒုတ်ကုန်းရွာတွင်လည်း ၄ နှစ်သမီးအရွယ် မိန်းကလေးငယ်ကို ပိုင်ရှင်မဲ့ ခွေး ၅ ကောင်က ဝိုင်းကိုက်၍ သေဆုံးသွားခဲ့သည့်ဖြစ်ရပ် ၂၀၁၈ သြဂုတ်လအတွင်း ဖြစ်ပွားခဲ့ဖူးသည်။

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က “ခွေးချစ်သူတွေကို အားမနာနိုင်တော့ပါ။ စည်ပင်အနေနဲ့ လုပ်သင့်တာတွေကို မြို့တော်သူ မြို့တော်သားတွေအတွက် လုပ်ဆောင်သွားမှာပါ။” ဆိုပြီး လေလွင့်ခွေး သုတ်သင်ရှင်းလင်းရေး တပ်လှန့်နှိုးဆော်ထားသည်။

လေလွင့်ခွေး ရှင်းလင်းစေလိုသည့် မန်းမြို့ရှိ ရပ်ကွက်များအနေဖြင့် သန့်ရှင်းရေးဌာနထံ ဖုန်းဆက်အကြောင်းကြားပါက ဌာနက လိုက်လံသုတ်သင် ရှင်းလင်းပေးမည်ဆိုပြီး မြို့တော်ဝန်က ဧပြီ ၂၆ ရက်တွင် ကြေညာခဲ့သည်။

မန္တလေးစည်ပင်၏ လုပ်ဆောင်ချက်မျိုး ရန်ကုန်မြို့တော်စည်ပင်က လိုက်လံလုပ်ဆောင်ရန် အချိန်တန်ရုံမက လေလွင့်ခွေးပြဿနာ ကိုင်တွယ်ရန် အချိန်လွန်နေပြီဟု သတိပေးခေါင်းလောင်း ထိုးလိုက်သည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013