DVB Logo
Home
မြန်မာသတင်း
ဘားအံတွင် ပထမဆုံး တောင်သူလယ်သမားသီးနှံအရောင်းဆိုင် ဖွင့်လှစ်
DVB
·
May 6, 2019
ဘားအံတွင် ပထမဆုံး တောင်သူလယ်သမားသီးနှံအရောင်းဆိုင် ဖွင့်လှစ်
1 / 5
Donate to DVB

တောင်သူတွေ လုံခြုံစိတ်ချရတဲ့သီးနှံတွေ စိုက်ပျိုးထုတ်လုပ်နိုင်ဖို့၊ ဈေးကွက်တခု ရလာစေဖို့နဲ့ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းဖို့အတွက် တောင်သူလယ်သမား သီးနှံ အရောင်းဆိုင်ကို ဘားအံမြို့မှာ ပထမဆုံးအကြိမ် ဖွင့်လှစ်လိုက်ပါတယ်။

တောင်သူတွေစိုက်ပျိုးထုတ်လုပ်တဲ့ ထုတ်ကုန်ပစ္စည်းတွေကို ဈေးကွက်တခု ဖော်ဆောင်ဖို့၊ တောင်သူအချင်းချင်းကြား စိုက်ပျိုးထုတ်လုပ်တဲ့ အသီးအနှံတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် နည်းပညာပိုင်းတွေရရှိစေဖို့၊ ကျစ်လစ်ခိုင်မာပြီး အနှောင့်အယှက်ကင်းတဲ့ ဈေးကွက်တခုရရှိစေဖို့၊ စားသုံးသူတွေအနေနဲ့ တောင်သူလယ်သမားဈေးကွက်ကို အခြေပြုပြီး သန့်ရှင်းလတ်ဆတ်တဲ့ အသီးအနှံတွေကို တနေရာတည်းမှာ စုစည်းဝယ်ယူနိုင်ဖို့အတွက် ရည်ရွယ်ပြီး တောင်သူလယ်သမား ဈေးကွက်အရောင်းဆိုင်ကို ဖွင့်လှစ်ခဲ့တာပါ။

ကရင်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုပြည်နယ်ဦးစီးမှူး ဦးကျော်မောင်မောင်က “တောင်သူတွေ ဒီမှာလာပြီး ကိုယ်တိုင်ထုတ်လုပ်တယ်။ တချို့က စိုက်ပျိုးရေးဆို စိုက်ပျိုးရေး တခုပဲလုပ်ကြတာ။ ဒီလိုရောင်းချဖို့ အတွေ့အကြုံမရှိကြဘူး”လို့ ပြောပါတယ်။

ဘားအံမြို့၊ ကော့လှိုက်ကျေးရွာ၊ ဒေါ်ခင်မမထွန်းက“ရွာမှာကျတော့ ကုန်သည်တွေ အနိမ့်ခံရတာပေါ့။ ဈေးမရဘူး။ သူတို့ကတဆင့်ရောင်းလိုတော့ ရောင်းရတယ်။ ဈေးအနိမ့်ခံ ရတယ်။ အခုတောင်သူတွေ ရောင်းဖို့ အဆင်ပြေသွားတယ်”လို့ ပြောပါတယ်။

ဘားအံမြို့၊ ဟင်းသီးဟင်းရွက် ဈေးကွက်မြှင့်တင်ရေးစီမံချက်၊ တာဝန်ခံ ဒေါ်ရီလွင်က “အကျိုးကျေးဇူးတွေ အများကြီးရှိတယ်။ ဒီလိုမျိုး Farmer Market က သီးသန့်က လုံးဝ ပထမဆုံးအကြိမ်ပေါ့။ ဒီလို Farmer Market ဖြစ်လာတဲ့အတွက် အများကြီးအကျိုးရှိတယ်”လို့ ပြောပါတယ်။

အရောင်းဆိုင်ဖွင့်ပွဲမှာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ နိပွန်ဖောင်ဒေးရှင်း၊ ADVANCE Myanmar Project ၊ စိုက်ပျိုးရေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ တောင်သူ ၅၈ ဦးရဲ့ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်တဲ့ ဟင်းသီးဟင်းရွက်တွေ ရောင်းချခဲ့ပါတယ်။

ဒါအပြင် မီးဖိုချောင်သုံးပစ္စည်းတွေ၊ သဘာဝ ၀ါးကနေထုတ်လုပ်တဲ့ ကုန်ချောတွေနဲ့ သစ်တောထွက် ဆေးဖက်ဝင်ပစ္စည်းတွေကိုပါ ရောင်းချခဲ့ပါတယ်။

ဘားအံမြို့၊ ခဲတောက်ကျေးရွာ၊ ဒေါ်နန်းစောမြင့် က “ဒီမှာက ဒီနေ့ခူးတယ်။ ဒီနေ့ရောင်းတယ်ဆိုတော့ လတ်လတ်ဆတ်ဆတ်ဖြစ်တော့ ၀ယ်ရတာစိတ်ချတယ်။ စားရလည်း ယုံကြည်စိတ်ချမှုရှိတာပေါ့”လို့ ပြောပါတယ်။

အရောင်းဆိုင်ကို ၁ ပတ် ၁ ကြိမ်၊ နံနက် ၇ နာရီမှ ၁၀ နာရီအထိ ဘားအံမြို့၊ ကန်သာယာ ညဈေးမြေကွက်လပ်မှာ အပတ်စဉ်ဖွင့်လှစ်ရောင်းချပေးသွားမှာဖြစ်သလို မြို့နယ် ၇ မြို့နယ် အတွင်းက တောင်သူတွေကိုပါ ဖိတ်ခေါ်ပြီး ရောင်းချနိုင်အောင် စီစဉ်ထားတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း- ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013