DVB Logo
Home
မြန်မာသတင်း
ကျောက်တန်းရွာသားများ အပြင်မထွက်ရဲတော့သဖြင့် စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့
DVB
·
May 5, 2019
ကျောက်တန်းရွာသားများ အပြင်မထွက်ရဲတော့သဖြင့် စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့
Donate to DVB

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာသူရွာသားတွေဟာ ထိန်းသိမ်းစစ်ဆေးခံရတာတွေကြောင့်  အပြင်မထွက်ရဲတော့တဲ့အတွက် စားနပ်ရိက္ခာ အခက်အခဲ ကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။

ရ​သေ့​တောင်​မြို့နယ်​​၊ ကျောက်​တန်း​ရွာမှာ ရွာသား ၂၇၅ ဦးကို တပ်​မ​တော်​က ဖမ်းဆီးစစ်ဆေးနေစဉ် မေ ၂ ရက်မနက် အစောပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် လူ ၆ ဦး ​သေဆုံးကာ ၈ ဦး ဒဏ်​ရာရရှိခဲ့ပါတယ်။ စစ်ဆေးနေတဲ့ တပ်သားတွေဆီက သေနတ်လုလို့ ပစ်ခတ်ရာက သေဆုံးဒဏ်ရာရရှိသွားတာလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဒီဗွီဘီကို ပြောပါတယ်။

ဖြစ်စဉ်မှာ သေဆုံးသွားသူတဦးလျှင် ၃ သိန်းနှုန်းနဲ့ မိသားစုဝင်တွေအား တပ်မတော်က ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့  ကျောက်တန်းကျေးရွာသူ/သားတွေဟာ အပြင်ကို မထွက်ရဲတော့သလို သွားလာခွင့်လည်း မရှိတာကြောင့် စားနပ်ရိက္ခာ အခက်အခဲတွေ ကြုံတွေ့နေရပြီး သောက်ရေလည်း သွားမခပ်ရဲကြဘူးလို့ ပစ်ခတ်မှုဖြစ်စဉ်မှာ သေဆုံးခဲ့တဲ့ ဦးသံခဲအောင်ရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။

"ကျမမှာ အခု လင်လည်းသေပြီ။ သားသမီးတွေအပြင် အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ မိခင်အိုတဦး ကျန်ခဲ့ပါသေးတယ်။ ဒီလူတွေ အနာဂတ်စားသောက်နေထိုင်ရေးအတွက် ကျမဘယ်လို ရင်ဆိုင်ရပါမလဲ့။ သမီးတယောက် ၈ တန်းတက်မှာပါ။ ဒီနှစ် သားအငယ်က ၅ တန်းတက်မှာပါ။ ကျမလင်သံခဲအောင်က ကွန်ပိုက်ငါးရှာဖွေပြီး မိသားစုကို ပြုစုစောင့်ရှောက် နေသူဖြစ်ပါတယ်။ အခု ကျမတို့ ကျေးရွာသူ/သားတွေ စားစရာမရှိ သောက်စရာ ရေတောင် သွားမခပ်ရဲပါ။ ရေကန်နားမှာ လက်နက်ကြီး ထောင်ထားပါတယ်။ အခု ရိက္ခာပြတ်ပြီး ငတ်သေဖို့သာ ရှိပါတောတယ်။”

တပ်​မ​တော်​က ထိန်းသိမ်းစစ်​​ဆေး​နေတဲ့ထဲက ကျောက်တန်း​ကျေးရွာသား ၁၂၆ ဦးကိုတော့ မေ ၃ ရက်နေ့မနက်ပိုင်း ပြန်လွှတ်ပေးလိုက်ပြီး ကျန်တဲ့သူတွေထဲက တချို့ဟာ အေအေနဲ့ ပတ်သက်တာကြောင့် ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ ပြောကြားထားပါတယ်။

ကျောက်တန်းရွာကိစ္စနဲ့ပတ်သက်ပြီး ဖြစ်စဉ်မှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးရေး အဖွဲ့တဖွဲ့ လွှတ်လိုက်ပြီ မေ ၄ ရက်နေ့က စတင်စစ်ဆေးနေပြီလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

"ပစ်ခတ်မှုဖြစ်ပွားတဲ့ ဖြစ်စဉ်အသေးစိတ် သိရှိဖို့အတွက်ပေါ့။ စုံစမ်းစစ်ရေးအဖွဲ့မှာ နယ်မြေခံအရာရှိတဦးပါဝင်တယ်။ စစ်ဆေးတဲ့နေရာမှာ တပ်မတော်သားတွေကို စစ်ဆေးတဲ့ အပြင် ရွာသူ/သားတွေ၊ ရွာက လူကြီးတွေပါ စစ်ဆေးချက်တွေယူပြီး မှတ်တမ်းတင်မူတွေ ပြုလုပ်သွားမှာဖြစ်တယ်။ ကျန်တဲ့ ၁၃၁ ဦးထဲက လွှတ်ပေးတဲ့သူတော့ မရှိသေးဘူး။ စစ်ဆေး ပြီးရင် အပြစ်မရှိတဲ့သူတွေကို လွှတ်ပေးသွားမှာဖြစ်တယ်။”

ဒါ့အပြင် စုံစမ်းစစ်ဆေးရေးအဖွဲ့ မြေပြင်အနေအထားကို လက်တွေ့စစ်ဆေးနေပြီ ဖြစ်တာကြောင့် ကျေးရွာရဲ့ စားနပ်ရိက္ခာ လိုအပ်ချက်တို့ကို စီမံဆောင်ရွက်ပေးလိမ့်မယ်လို့ ပြောပါတယ်။

ရ​သေ့​တောင်​မြို့နယ်​ ကျောက်​တန်း​ကျးရွာမှာ​ အိမ်ခြေ ၅၀၀၊ လူ ၂၀၀၀ ​ကျော်​​ ​နေထိုင်​တဲ့ ​ကျေးရွာကြီးတရွာဖြစ်​ပါတယ်။

ဗညား

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013