DVB Logo
Home
မြန်မာသတင်း
မြိတ်တွင် ဆိုင်ကယ်တက္ကစီမောင်းသူအား လက်လုပ်သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ ၂ ဦး ဖမ်းမိ
DVB
·
May 5, 2019
မြိတ်တွင် ဆိုင်ကယ်တက္ကစီမောင်းသူအား လက်လုပ်သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ ၂ ဦး ဖမ်းမိ
1 / 5
Donate to DVB

တနင်္သာရီတိုင်း မြိတ်မြို့မှာ ဆိုင်ကယ်တက္ကစီမောင်းသူအား လက်လုပ်သေနတ်နဲ့ ပစ်ခတ်ခဲ့သူ ၂ ဦးကို ရဲတပ်ဖွဲ့ဝင်တွေက မနေ့ညနေပိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ မြို့မရဲစခန်းက ပြောပါတယ်။

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ကုန်းဖောက်ရပ်မှာ မေလ ၂ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ဆိုင်ကယ်တက္ကစီမောင်းသူ ဦးဝင်းနိုင်ဆိုသူကို ဆိုင်ကယ်ငှားစီးလာသူ ၂ ဦးက အနောက်ကနေ လက်လုပ်သေနတ်နဲ့ ပစ်ခတ်ကာ ထွက်ပြေးတိမ်းရှောင်သွားတာပါ။

ရဲတပ်ဖွဲ့က တရားခံတွေ ဖမ်းဆီးရမိရေး စုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူတွေဟာ မြိတ်တောင်ကျေးရွာအုပ်စု၊ ရွှေပြည်တန်ရပ်ကွက်၊ ပတ္တမြားလမ်းရှိ နေအိမ်တအိမ်မှာရှိနေကြောင်း သိရပြီး သွားရောက်ဖမ်းဆီးခဲ့တာလို့ မြိတ်မြို့မရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

“ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိထားပြီးပါပြီ။ တဦးကို တပ်က စစ်ဆေးနေပါတယ်။ တဦးကိုတော့ မြိတ်မြို့မရဲစခန်းမှာ ဖမ်းဆီးထားပါတယ်။ တပ်က တာဝန်ရှိသူတွေက ဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ် စစ်ဆေးနေပါတယ်။ ပြစ်မှုကျူးလွန်ရတဲ့ အကြောင်းရင်းကို စစ်ဆေးနေဆဲပါ။ သေနတ်အပစ်ခံရသူလည်း ကျန်းမာရေးအခြေအနေ ကောင်းမွန်လာပါပြီ” လို့ပြေပါတယ်။

ဖမ်းဆီးရမိသူ နှစ်ဦးကတော့ အမှတ် (၉၃၇) ထောက်ပို့ရေးတပ်မှ ပြစ်မှုကျူးလွန်သူ တပ်သား ကျော်ထွန်းနဲ့ ပြစ်မှုကျူးလွန်စဉ်က ပါရှိသူ တပ်သား ခန့်သူအောင်တို့ ဖြစ်တယ်လို့ သိရပါတယ်။

သံပြောင်း၊ သစ်သားဒင်ပါ လက်လုပ်သေနတ်တလက်နဲ့အတူ ကျည် ၁၃ တောင့်၊ ကျည်ခွံ ၆ ခုကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

သူတို့ နှစ်ဦးကို မြိတ်မြို့မ ရဲစခန်းက (ပ) ၁၃၃၂ /၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇/၁၁၄ နဲ့ အမှုဖွင့်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013