DVB Logo
Home
မြန်မာသတင်း
ကရိန်းယာဉ် ၂ စီး၊ လိုက်ထရပ်ယာဉ် ၁ စီးတို့ဖြင့် ဂက်စ်ပိုက်လိုင်း ခိုးယူသူ ၆ ဦး ဖမ်းမိ
DVB
·
May 5, 2019
ကရိန်းယာဉ် ၂ စီး၊ လိုက်ထရပ်ယာဉ် ၁ စီးတို့ဖြင့် ဂက်စ်ပိုက်လိုင်း ခိုးယူသူ ၆ ဦး ဖမ်းမိ
Donate to DVB

ဝေါမြို့နယ်မှာ ကရိန်းယာဉ် ၂ စီး၊ လိုက်ထရပ် ၁ စီးတို့နဲ့အတူ ဂက်စ်ပိုက်လိုင်းတွေ  ခိုးယူသူ ၆ ဦးကို ဝေါရဲစခန်းက ဖမ်းဆီးမိခဲ့ပါတယ်။

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ရှမ်းစုကျေးရွာရဲ့ အနောက်ဘက် ကွင်းထဲမှာ ရန်ကုန်သန်လျင်ကနေ အရင်စစ်တောင်းစက္ကူစက်ကို ပေးပို့သွယ်တန်းထားတဲ့ ဂက်စ် ပိုက်လိုင်းတွေ ဖြတ်တောက်ခိုးယူနေတာကို မေ ၂ ရက်နေ့က ဖမ်းဆီးမိခဲ့တာဖြစ်ပြီး နောက်ဆက်တွဲ တရားခံတွေ ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးနေတယ်လို့ ဝေါမြို့မ ရဲစခန်း နယ်ထိန်းခေါင်းဆောင် ရဲအုပ် ရဲလွန်က ဒီဗွီဘီကို ပြောပါတယ်။

မေ ၂ ရက်နေ့ ညနေ ၅ နာရီခွဲလောက်က ဝေါမြို့နယ် ရှမ်းစုကျေးရွာ ရဲ့ အနောက်ဘက်က ကွင်းအမှတ် ၇၀၁ / ၇၀၃ မှာ မသင်္ကာသူတွေ ဂက်စ်ပိုက်လိုင်း ဖြတ်တောက်နေတယ်ဆိုတဲ့သတင်းအရ နယ်ထိန်းခေါင်းဆောင် နဲ့ အဖွဲ့ သွားရောက်စစ်ဆေးရာ ရန်ကုန်လိုင်စင်နဲ့ ကရိန်းကာတစီးပေါ်မှာ အောက်ဆီဂျင်လေအိုး ၁၇ လုံး၊ ပရိုပိန်းမီးအိုး ၁ လုံး၊ သံဖြတ်ကာပိုက်ကြိုး ၁ ချောင်း စတာတွေနဲ့အတူ ယာဉ်မောင်း အောင်ကျော်ဦး (ခ) အဘူစအီ နဲ့ ယာဉ်နောက်လိုက် ဇွဲအောင်ခေါ် ဇော်ရဲဟိန်းတို့ကို ဖမ်းဆီးမိခဲ့ပါတယ်။

လိုက်ထရပ်ယာဉ်ပေါ်မှာတော့ အောက်ဆီဂျင်အိုး ၃ အိုး၊ ပရိုပိန်း မီးအိုး ၁ လုံး၊ သံဖြတ်ကာပိုက်ကြိုး ၂ ချောင်းတို့နဲ့အတူ ယာဉ်မောင်း ပြည့်ဖြိုးဇော် (ခ) ကိုဖြိုး နဲ့ ယာဉ်နောက်လိုက် ထွန်းအောင် (ခ) ထွန်းထွန်း တို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။

ဒါ့အပြင် ဖြတ်တောက်ထားတဲ့ အချင်း ၁၀ လက်မအရွယ် ကာဗွန်စတီးပိုက်လိုင်း ၅ ပေကနေ ပေ ၈၀ အရွယ်အထိ စုစုပေါင်း ၁၇၅၇ ပေရှိ အရွယ်အစားမျိုးစုံ ပိုက်လိုင်း  ၇၈ လုံးတို့ကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

စစ်ဆေးမေးမြန်ချက်အရ ဖြတ်တောက်ပြီးသား ပိုက်လိုင်းတွေကို လာသယ်တဲ့ ပဲခူးလိုင်စင် ကရိန်းကားနဲ့အတူ ယာဉ်မောင်း ကုလားပု နဲ့ ယာဉ်နောက်လိုက် ရန်မျိုးအောင် တို့ကို ထပ်မံဖမ်းဆီးမိခဲ့ပါတယ်။

အဲဒီဂက်စ်ပိုက်လိုင်းဟာ အရင်က ရန်ကုန် သန်လျှင်ကနေ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်က စစ်တောင်းစက္ကူလည်စဉ်က ဂတ်စ်ပေးပို့ခဲ့တဲ့ ဂတ်စ်ပိုက်လိုင်းဟောင်းဖြစ်ပါတယ်။

ဂက်စ်ပိုက်လိုင်းတွေ ခိုးယူသယ်ဆောင်သူ ၆ ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၉ / ၅၄ နဲ့ အမှုဖွင့်အရေးယူထာပြီး နောက်ဆက်တွဲတရာခံတွေ ဆက်လက် ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အောင်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013