DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ၆ နှစ်ဆက်တိုက် တိုးလာ
DVB
·
October 31, 2012
မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ၆ နှစ်ဆက်တိုက် တိုးလာ
Donate to DVB

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး သိသိသာသာတိုးမြှင့်လုပ်ဆောင်နေ တဲ့ကြားက ဘိန်းစိုက်ပျိုးမှုဟာ ၆ နှစ်ဆက်တိုက် တိုးလာတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု တိုက်ဖျက်ရေးရုံး (ယူအန်အိုဒီစီ) က ထုတ်ပြန်လိုက်ပါတယ်။

အရှေ့တောင်အာရှဒေသရဲ့ ၂၀၁၂ ခုနှစ် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အခြေအနေနဲ့ ပတ်သက်ပြီး ယူအန်အိုဒီစီအဖွဲ့က လေ့လာစစ်တမ်းကောက်ယူပြီး ဒီနေ့ ထုတ်ပြန်တဲ့  နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြ ထားတာပါ။

မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က ဟက်တာ ၄ သောင်း ၃ ထောင်လောက် (ဧက ၁ သိန်းလောက်) ရှိရာကနေ အခုနှစ်မှာ ဟက်တာ ၅ သောင်း ၁ ထောင် (ဧက ၁ သိန်း ၂ သောင်းခွဲကျော်) ထိ တိုးလာတာဖြစ်ပြီး ဒါဟာ ရာခိုင်နှုန်းအားဖြင့် ဆိုရင် ၁၇ ရာခိုင်နှုန်း တိုးလာတာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ ဘိန်းစိုက်ပျိုးပြီး အများစုဟာ ရှမ်းပြည် တောင်ပိုင်းမှာ ဖြစ်ပါတယ်။ မြန်မာအစိုးရဟာ ၂၀၁၄ ခုနှစ်မှာ ဘိန်းပပျောက်အောင် ဆောင်ရွက်ဖို့ ရည်မှန်းထားပေမယ့် ဘိန်းဝယ်လိုအားနဲ့ ဘိန်းဈေးတွေ တက်နေတာကြောင့် ၂၀၀၆ ခုနှစ်ကတည်းက နှစ်စဉ် ဘိန်းစိုက်ပျိုးမှု ဆက်တိုက်တိုးတက်လာတယ်လို့လည်း ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အခုနှစ် အမေရိကန်ဒေါ်လာ ၃၅၉ သန်းလောက် တန်ဖိုးရှိတဲ့  ဘိန်းတန်ချိန် ၆၉၀ ထုတ်လုပ်ခဲ့ပြီး ဘိန်းဈေးဟာလည်း ၁ ကီလိုဂရမ်ကို အမေရိကန် ဒေါ်လာ ၅၂၀ ထိ တက်လာတယ်လို့  ဆိုပါတယ်။

ယူအန်အိုဒီစီရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ကိုယ်စားလှယ် ဂယ်ရီလူးဝစ်ကတော့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ကိန်းဂဏန်းတွေဟာ ကျဆင်းရမယ့်အစား မဟုတ်တဲ့ဘက်ကို တိုးလာတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဘိန်းစိုက်ပျိုးမှုရဲ့ အခြေခံအကြောင်းအရင်းတွေကို တုံ့ပြန်ဆောင်ရွက်တဲ့ဘက်မှာတော့  လွန်ခဲ့ဆယ်စုနှစ်တွေကထက်စာရင် ပြီးခဲ့တဲ့နှစ်မှာ တိုးတက်လာတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုနဲ့အတူ  စိတ်ကြွဆေးမှောင်ခိုမှုတွေ၊ တခြား တရားမ၀င်မူးယစ်ဆေးဝါးမှုတွေ သိသိသာတာ တိုးလာကာ ဒေသတွင်းက လူတွေရဲ့ လုံခြုံမှုကို တိုးပြီးခြိမ်းခြောက်လာနေတယ်လို့ ပြောပါတယ်။

မြန်မာအစိုးရဟာ မနှစ်က ဘိန်းစိုက်ဟက်တာ ၇ ထောင်ကျော် ဖျက်ဆီးနိုင်ခဲ့ပြီး အခုနှစ်မှာ ဘိန်းစိုက် ဟတ်တာ ၂ သောင်း ၄ ထောင်လောက်  ဖျက်ဆီးနိုင်ခဲ့တဲ့အကြောင်း ကြေညာထားပါတယ်။

မြန်မာနိုင်ငံ မူးယစ်ဗဟိုအဖွဲ့က ယာယီရဲမှူးကြီး ဦးမြင့်အောင်ကတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ရော နိုင်ငံတကာနဲ့ပါ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

“ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တွေနဲ့လည်း ပူးပေါင်းပြီးတော့ ဘိန်းအစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်။ နောက် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ ရှိတယ်။ ယူအန်အိုဒီစီ၊ နောက် အိမ်နီးချင်းနိုင်ငံပေါ့နော်။ ထိုင်းဆိုလည်း ထိုင်းမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့နဲ့၊ တရုတ်ဆိုလည်း တရုတ်မူးယစ်ဆေးဝါးထိန်းချုပ်ရေးကော်မရှင်တို့နဲ့ ပူးပေါင်းပြီး ဘိန်းစိုက်ပျိုးမှု လျော့နည်းသွားအောင် ဆောင်ရွက်သွားမယ်။”

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ နဲ့ ၂၈ ရက်တွေတုန်းက မြန်မာအစိုးရ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့ ယူအန်အိုဒီစီတို့ မူးယစ်ဆေးဝါတိုက်ဖျက်ရေးကိစ္စ ပူးပေါင်းဆောင်ရွက်ကြဖို့ ဆွေးနွေးညှိနှိုင်းခဲ့ကြဖူးပါတယ်။

ဒီဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်ခဲ့တဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး စိုင်းဆိုင်မိုင်းက ဘိန်းပပျောက်ရေးအတွက် အစိုးရမူဝါဒကောင်းပေမယ့် လုပ်နည်းလုပ်ဟန်တွေ ပြောင်းဖို့ လိုတယ်လို့ ပြောပါတယ်။

“နှိမ်နင်းတဲ့နေရာမှာ အရင်တုန်းက နိုင်ငံတော်အစိုးရရော မူဝါဒချမှတ်လုပ်ဆောင်နေတာတွေက ကောင်းတော့ကောင်းပါတယ်။ ဒါပေမယ့် လုပ်နည်းလုပ်ဟန်တွေက တချို့အကွက်တွေက မှားနေတယ်လို့မြင်ပါတယ်။ မူးယစ်ဆေးဝါးတိုက်ဖျက်တယ်ဆိုပြီး တခြားနေရာမှာ ပြန်ပြောင်းလုပ်နေတာတွေ တွေ့ရ သလောက်တော့ ရှိနေတယ်။ ပြည်သူလူထုရဲ့ လူနေမှုဘ၀ပေါ့။ အရမ်းနိမ့်ကျပြီး ဆင်းရဲနွမ်းပါးနေတော့ ဘိန်းစိုက်တောင်သူတွေကလည်း ဘိန်းကိုပဲအားကိုးပြီး အသက်မွေးဝမ်းကျောင်းလုပ်နေရတယ်။ တကယ်လို့ ပြည်သူတွေရဲ့ စားဝတ်နေရေးဖူလုံအောင်၊ လူနေမှုဘ၀ကို ပိုမြှင့်တင်ပေးမယ်ဆိုရင် ပိုကောင်းမယ်ထင်တယ်။”

မြန်မာနိုင်ငံတောင်တန်းဒေသက ဆင်းရဲနွမ်းပါးတဲ့ တောင်သူတွေအတွက်တော့ ဘိန်းစိုက်ပျိုးတဲ့ လုပ်ငန်းဟာ  ဆန်စပါးစိုက်ပျိုးတာထက် အဆ ၂၀ လောက် ၀င်ငွေပိုရတာကြောင့်  အကျိုးအမြတ်ရှိစေတဲ့ လုပ်ငန်းဖြစ်နေတာပါ။

အရှေ့တောင်အာရှဒေသတွင်းမှာ ထိုင်းနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုဟာ ဟက်တာ ၂၀၀ ကျော်လောက် ရှိတဲ့အတွက် အရမ်းကိုနည်းပါးပြီး တည်တည်ငြိမ်ငြိမ်ရှိတဲ့အကြောင်း၊ လာအိုမှာတော့ ၂၀၀၇ ခုနှစ်က ဘိန်းစိုက် ဟက်တာ ၁၅၀၀ ရှိရာကနေ ၂၀၁၂ မှာ ၆၈၀၀ ထိတိုးလာပြီး ဒေသတခုလုံးရဲ့ ဘိန်းစိုက်ပျိုးမှုကတော့ ၂၀၀၆ ခုနှစ်ကထက် ၂ ဆတိုးလာတယ်လို့ ယူအန်အိုဒီစီက  ဆိုပါတယ်။

မြန်မာနိုင်ငံကတော့ ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှုရဲ့ ၄ ပုံ ၁ ပုံလောက် ထုတ်လုပ်တာဖြစ်ပြီး အာဖဂန်နစ္စတန်ပြီးရင် ကမ္ဘာမှာ ဒုတိယဘိန်းအများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013