DVB Logo
Home
မြန်မာသတင်း
အရပ်သားများသေဆုံးသည့်ကိစ္စ ရခိုင်လွှတ်တော်၌ အဆိုတင်၊ ရခိုင်ပါတီ အိတ်ဖွင့်ပေးစာပို့
DVB
·
May 3, 2019
အရပ်သားများသေဆုံးသည့်ကိစ္စ ရခိုင်လွှတ်တော်၌ အဆိုတင်၊ ရခိုင်ပါတီ အိတ်ဖွင့်ပေးစာပို့
Donate to DVB

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအကြား သံသယနဲ့ ဖမ်းဆီးခံထားသူတွေ စစ်ဆေးခံကာလအတွင်းမှာ သေဆုံးခဲ့ပါက ရုပ်အလောင်းတွေကို မိသားစုတွေရဲ့ လက်ဝယ်ကို ပြန်ပို့ပေးဖို့  ဒီနေ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ်တဦးက အဆိုတင်သွင်းပါတယ်။

အဆိုရှင် မြောက်ဦးမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က “မိမိတို့မှာ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးများ ဖြစ်သည့်အလျောက် ဓလေ့ထုံးစံအရ ကွယ်လွန်သူများအား ကောင်းရာမွန်ရာ ရောက်စေရန် အလို့ငှာ သရဏဂုံတင်ခြင်း၊ ကုသိုလ်ကောင်းမှုလုပ် အမျှအတန်းပေးဝေခြင်း လုပ်ငန်းများကို ပြုလုပ်လေ့ရှိကြပါတယ်။ မည်သည့် ပုံစံဖြင့် သေသည်ဖြစ်စေ၊ သေဆုံးသူ၏ ရုပ်အလောင်းကို ပစ်စလက်ခတ် သင်္ဂြိုဟ်ခြင်း မပြုဘဲ တင့်တောင့်တင်တယ် ပြင်ဆင်သင်္ဂြိုဟ်လေ့ရှိကြပါတယ်။”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂ ဦးနဲ့ ကျောက်တော်မြို့နယ်၊ ယိုးချောင်းရွာသား တဦးသေဆုံးခဲ့ရပေမယ့် မိသားစုတွေက သင်္ဂြိုဟ်ခွင့်မရခဲ့လို့ မိသားစုတွေမှာ စိတ်ထိခိုက်ရကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သေဆုံးသူတွေကို သက်ဆိုင်ရာ ဆေးရုံတွေကို ယူဆောင်ပြီး သေမှုသေခင်းနဲ့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြပေမယ့် မိသားစုတွေကို လွှဲပြောင်းခဲ့ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဧပြီ ၃၀ ရက်ကလည်း တပ်မတော်က ဖမ်းဆီးထားတဲ့ ရသေ့တောင်မြို့နယ် ကျောက်တန်းရွာက သံသယရှိသူ ၂၇၀ ကျော်ကို ရွာစာသင် ကျောင်းအတွင်း စစ်ဆေးနေစဉ်  ၆ ဦးသေဆုံးသွားခဲ့ပေမယ့် ရုပ်အလောင်းတွေကို မိသားစုတွေထံ လွှဲပြောင်းပေးခြင်း မရှိသေးပါဘူး။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက “မိသားစုဝင်တွေရဲ့ လက်ထဲကို အလောင်းက ရောက်မလာဘဲနဲ့ သက်ဆိုင်ရာကယူသွားတဲ့အချိန်မှာ အဲဒီ ပြစ်မှုကြောင့် သေဆုံးတဲ့သူဟာ ဘယ်လိုကြောင့် သေဆုံးရတယ်ဆိုတာကို မိသားစုက မမြင်ရတဲ့အတွက် သက်ဆိုင်ရာဌာနကို သံသယ ဖြစ်နိုင်ပါတယ်။ ဒီအတွက်ကြောင့် အဆိုရှင်တင်ပြသလို တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို အခြေခံပြီးတော့ သွားနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီကာလ အတွင်းမှာ အဲဒီ လူသားမဆန်တဲ့ လုပ်ရပ်တွေကြောင့် ခံစားနေရတဲ့ မိသားစုနဲ့ နီးစပ်ရာလူမျိုးအပေါ် စိတ်နာကျည်းမှုတွေ ဖြစ်လာနိုင်တဲ့အတွက် လူ့အခွင့်အရေးက ပေးထားတဲ့ တရားဥပဒေနဲ့အညီ ဆောင်ရွက်သင့်ပါတယ်။”လို့လွှတ်တော်မှာ ဆွေးနွေးသွားပါတယ်။

အဆိုကို ကန့်ကွက်သူမရှိတာကြောင့် လက်ခံဆွေးနွေးသွားဖို့ ရခိုင်ပြည်နယ်လွှတ် တော်ဥက္ကဋ္ဌက  ကြေညာခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတွေရှိတဲ့အတွက် ကျူးလွန်သူတွေကို အရေးယူပေးဖို့ ရခိုင်အမျိုးသားပါတီ (အေအန်ပီ) ကလည်း နိုင်ငံတော်အကြီးအကဲတွေထံ  အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့  မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်တို့ကို လိပ်မူကာ မေလ ၂ ရက်က စာပေးပို့ လိုက်တာပါ။

အပြစ်မဲ့ ရွာသူရွာသားတွေ ထိခိုက်သေဆုံးဒဏ်ရာရမှုတွေ မြို့နယ် ၄ ခုမှာ ဆက်တိုက် ဖြစ်ပေါ်နေခဲ့ပြီး သေဆုံးမှုတွေ များပြားလာတဲ့အတွက် နောက်ထပ်ဆက်လက်လို့ မဖြစ်ပွားဖို့နဲ့  နိုင်ငံသားတွေအတွက် တရားဥပဒေစိုးမိုးမှုရရှိရေးနဲ့ တည်ဆဲဥပဒေနဲ့အညီ နိုင်ငံတော်က ကာကွယ်စောင့်ရှောက်ပေးဖို့ စာပေးပို့တောင်းဆိုတယ်လို့ ရခိုင်အမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောပါတယ်။

မြောက်ဦးမြို့နယ် လက္ကာကျေးရွာနဲ့ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းက အရပ်သားတချို့ တပ်မတော်က ဖမ်းဆီးစစ်ဆေးခံရချိန်မှာ သေဆုံးတဲ့ကိစ္စ နိုင်ငံတကာအဖွဲ့တွေကို စုံစမ်းခွင့်ပေးဖို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က တိုက်တွန်း ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013