DVB Logo
Home
မြန်မာသတင်း
ဒီမိုကရေစီကို ကာကွယ်သည့် စာနယ်ဇင်းသမားများဖြစ်အောင် ကြိုးစားရန် သမ္မတ တိုက်တွန်း
DVB
·
May 3, 2019
ဒီမိုကရေစီကို ကာကွယ်သည့် စာနယ်ဇင်းသမားများဖြစ်အောင် ကြိုးစားရန် သမ္မတ တိုက်တွန်း
Donate to DVB

စာနယ်ဇင်းသမားတွေအနေနဲ့ မီဒီယာဆိုင်ရာ အရည်အသွေးတွေကို အစဉ်တစိုက် ကြိုးပမ်းမြှင့်တင်ကြပြီး ဒီမိုကရေစီရေးကို ကာကွယ်တဲ့ စာနယ်ဇင်းသမားတွေ ဖြစ်အောင် ကြိုးစားကြဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ (World Press Freedom Day) အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ သမ္မတက တိုက်တွန်း ပြောသွားတာပါ။

ပြည်သူလူထုအကြား ဒီမိုကရေစီ အသိပညာတွေ ပြန့်ပွားဖို့ စာနယ်ဇင်းသမားတွေ အနေနဲ့ ပံ့ပိုးကူညီပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေးမှာ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြဖို့လည်း သမ္မတက တိုက်တွန်းပါတယ်။

အစိုးရအနေနဲ့ လွတ်လပ်တဲ့မီဒီယာနဲ့ ဒီမိုကရေစီဟာ အစဉ်အမြဲ ယှဉ်တွဲနေတယ်လို့ ယုံကြည်တဲ့အကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ မီဒီယာရဲ့ "အား" မလွဲမသွေ လိုအပ်တယ်လို့ ခံယူပြီး ဒီမိုကရေစီစနစ် အားကောင်းဖို့ မီဒီယာလွတ်လပ်ခွင့် မရှိမဖြစ် အရေးကြီးတာကို အသိအမှတ် ပြုတယ်လို့လည်း သမ္မတက ဆိုပါတယ်။

မီဒီယာတွေအနေနဲ့ သတင်းအချက်အလက် တိကျမှန်ကန်မှုရှိရေး၊ ပဋိပက္ခ ဖြစ်စေနိုင်တဲ့ လှုံ့ဆော်ရေးသားမှုနဲ့ သတင်းရေးသားသူရဲ့ ထင်မြင်ယူဆချက်၊ အာဘော် လုံးဝမပါရှိစေရေးတို့ကို စိစစ်ရွေးချယ် ဖော်ပြခြင်းဖြင့် ပြည်သူလူထု လိုလားတောင့်တနေသော ဒီမိုကရေစီခရီးကို အထောက်အပံ့ ပေးစေလိုတယ်လို့လည်း သမ္မတရဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

မေလ ၃ ရက်ကို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့အဖြစ် ၁၉၉၃ ခုနှစ်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြု သတ်မှတ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားကို ၂၀၁၂ ခုနှစ်က စတင်ကျင်းပခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အဆင့်ဟာ နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၃၈ မှာ ရပ်တည်နေပြီး မနှစ်ကထက် အဆင့်တဆင့် ကျဆင်းသွားတယ်လို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ဧပြီ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

လက်ရှိအစိုးရလက်ထက်မှာ တရားစွဲဆိုခံထားရတဲ့ သတင်းသမား အမှုပေါင်း ၃၁ မှုရှိပြီး တရားရင်ဆိုင်နေရတဲ့ သတင်းသမား ၄၇ ဦးရှိတယ်လို့ အသံအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီထဲကမှ အစိုးရဝန်ထမ်းတွေက တရားစွဲဆိုထားတဲ့အမှု ၁၈ မှု၊ တပ်မတော်က တရားစွဲဆိုထားတဲ့အမှု ၄ မှုနဲ့ တခြားသူတွေက တရားစွဲဆိုတဲ့အမှု ၉ မှုတို့ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013