DVB Logo
Home
မြန်မာသတင်း
လွှတ်တော်သက်တမ်းတဝက်အတွင်း တရားဥပဒေစိုးမိုးရေးကိစ္စ မေးမြန်းမှု အားနည်းနေ
DVB
·
May 3, 2019
လွှတ်တော်သက်တမ်းတဝက်အတွင်း တရားဥပဒေစိုးမိုးရေးကိစ္စ မေးမြန်းမှု အားနည်းနေ
Donate to DVB

အန်အယ်လ်ဒီအစိုးရသစ်ရဲ့ လွှတ်တော်သက်တမ်း တဝက်အတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ စိုက်ပျိုးရေး၊ ဆည်မြောင်း၊ စည်ပင်နဲ့ စက်မှုလမ်းပန်း ကိစ္စတွေကိုသာ အများဆုံးမေးခဲ့ပြီး တရားဥပဒေစိုးမိုးရေး ကိစ္စမျိုးတွေမှာ မေးခွန်းမေးတာ အားနည်းနေတယ်လို့ လွှတ်တော်လေ့လာစောင့်ကြည့်သူတွေက ထောက်ပြ ပြောဆိုပါတယ်။

မေ ၂ ရက်နေ့က ပဲခူးတိုင်း ဝေါမြို့နယ်မှာ လွှတ်တော်လေ့လာစောင့်ကြည့်ရေး အဖွဲ့တခုဖြစ်တဲ့ သင့်မြတ်သူများ ငြိမ်းချမ်းရေးလမ်းစဉ် (POPP) ကနေ ဦးဆောင်ပြီး လွှတ်တော်လုပ်ငန်းစဉ်များဆိုင်ရာ သတင်းအချက်အလက် မျှဝေခြင်း အလုပ်ရုံဆွေးနွေးပွဲတရပ် ကျင်းပခဲ့ပါတယ်။

သူတို့တွေရဲ့ လေ့လာတွေ့ရှိချက်အရ အစိုးရသစ်ရဲ့ သက်တမ်းတဝက်အတွင်းမှာ စိုက်ပျိုးရေး၊ ဆည်မြောင်းဌာနနဲ့ ပတ်သက်ပြီး မေးခွန်းမေးတာ အများဆုံးတွေ့ရပြီး စည်ပင်ကိစ္စက ဒုတိယအများဆုံးဖြစ်ကာ တတိယအများဆုံးကတော့ စက်မှုလမ်းပန်းကိစ္စတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

တိုင်းရင်းသား၊ တရားလွှတ်တော်၊ ဥပဒေချုပ်နဲ့ စာရင်းစစ်ချုပ်တို့နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ မေးတာနည်းနေတယ်၊ တရားသူကြီးချုပ်ဆို သက်တမ်းတဝက်အတွင်း မေးခွန်း ၃ ခုသာ အမေးခံခဲ့ရပြီး ၂ ခုက တရားရုံးဆောက်ဖို့ ကိစ္စမျိုးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ ကတိကဝတ်တွေလည်းဖြစ်တဲ့ တရားဥပဒေစိုးမိုးရေး၊ ကိစ္စမျိုးတွေမှာ မေးခွန်းမေးတာ နည်းနေတဲ့အတွက် နောင်လာမယ့်လွှတ်တော်မှာ အဲဒီလိုကိစ္စမျိုးတွေကို ပိုပြီး မေးပေးစေလိုတယ်လို့ လွှတ်တော်လေ့လာစောင့်ကြည့်သူတွေက ထောက်ပြ ပြောဆိုလိုက်ပါတယ်။

သင့်မြတ်သူများ ငြိမ်းချမ်းရေးလမ်းစဉ် (POPP) အဖွဲ့က ပွဲဦးဆောင်သူ ဦးသိန်းမင်းစိုးက “POPP အဖွဲ့အနေနဲ့ကတော့ လွှတ်တော်ကို စောင့်ကြည့်လေ့လာမှုတွေ လုပ်တယ်။ အစိုးရသစ်ရဲ့ လွှတ်တော်သက်တမ်း ၂ နှစ်ခွဲ ကာလတုန်းကလည်း အစီရင်ခံစာတစောင်ကို ထုတ်နိုင်ခဲ့တယ်။ အခု လွှတော်သက်တမ်း ၃ နှစ်ပြည့်တဲ့အခါမှာတော့ လွှတ်တော်ကိုယ်စားလှယ် တဦးချင်းစီရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်သွားမယ်။ ကျနော်တို့လုပ်နေတာက အဓိကက မဲပေးပိုင်ခွင့်ရှိတဲ့ ပြည်သူတွေရဲ့ ကိုယ်စားပြုမှုနဲ့ ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆောင်ရွက်ချက်တွေကို ပြည်သူတွေ ဘယ်လောက်အထိ သိနေပြီလဲ ဆိုတဲ့ဟာမျိုးပေါ့။ အဓိကကတော့ မဲပေးလိုက်တဲ့ ပြည်သူတွေရဲ့ အခွင့်အရေးကို မြှင့်တင်တဲ့အနေနဲ့ အခုလို အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ရတာ” လို့ ပြောပါတယ်။

ဒီပွဲကို လူ ၄၀ လောက် ဖိတ်ကြားထားပေမယ့် ၂၅ ရောက်လောက်ပဲ တက်ရောက်တာကြောင့် ပြည်သူတွေအနေနဲ့ စိတ်ဝင်စားမှု အားနည်းနေတဲ့ သဘောတော့ ရှိပါတယ်။

ဒီပွဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံတွေ၊ လွှတ်တော်လေ့လာစောင့်ကြည့်သူတွေနဲ့ အပြန်အလှန် မေးခွန်းမေးလို့ရတဲ့ ပွဲမျိုးဖြစ်ပြီး အခုလို ပြည်သူတွေက အပြန်အလှန်မေးလို့ ရတာကို သိသွားရင်တော့ နောက်ပွဲတွေမှာ လူပိုစိတ်ဝင်စားလာမှာပါလို့ အဲဒီပွဲ တက်ရောက်တဲ့ အန်အယ်လ်ဒီပါတီဝင် ဒေါ်မူမူသန်းက ပြောပါတယ်။

“အစိုးရသစ်လက်ထက် ၃ နှစ်တာ ကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုပ်ဆောင်ချက်တွေ၊ ဆောင်ရွက်မှုတွေ၊ မေးခွန်းတွေ အားကောင်းလာပေမယ့် ပထမ အစိုးရသက်တမ်း ၅ နှစ်ကလိုပဲ ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေသဖွံ့ဖြိုးရေးတွေကိုပဲ ဦးတည်နေတာ တူနေပြီး တရားဥပဒေစိုးမိုးရေး အပိုင်းတွေ၊ နိုင်ငံသားအခွင့်ရေးပိုင်းတွေနဲ့ တင်ပြမှု အားနည်းနေတယ်” လို့ ပြောပါတယ်။

သတင်း၊ ဓာတ်ပုံ - အောင်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013