DVB Logo
Home
မြန်မာသတင်း
သတင်းလွတ်လပ်ခွင့်တိုးတက်လာစေရန် ပြန်ကြားရေးနှင့် မီဒီယာကောင်စီက ကူညီပေးစေလို
DVB
·
May 2, 2019
သတင်းလွတ်လပ်ခွင့်တိုးတက်လာစေရန် ပြန်ကြားရေးနှင့် မီဒီယာကောင်စီက ကူညီပေးစေလို
Donate to DVB

မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်တိုးတက်လာဖို့နဲ့ ပုဂ္ဂလိကမီဒီယာတွေ ရှင်သန်ရပ်တည်ဖို့ ခက်ခဲနေတာကို  ပြန်ကြားရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီတို့က ကူညီအဖြေရှာပေးသင့်တယ်လို့ သတင်းစာဆရာတွေက အကြံပြုပါတယ်။

ဒီကနေ့ မေလ ၂ရက်မနက်က  ရန်ကုန်မြို့မှာ ကျင်းပတဲ့ World Press Freedom Day ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် အခမ်းအနားမှာ သတင်းသမားတွေက အကြံပြုပြောသွားတာပါ။

မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်အခြေအနေဟာ ကြံ့ခိုင်ရေးအစိုးရ လက်ထက်နဲ့ အန်အယ်လ်ဒီအစိုးရလက်ထက် သိသိသာသာ ထူးခြားမှုမရှိတဲ့ အကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ သတင်း လွတ်လပ်ခွင့်အခြေအနေ မပြောင်းလဲတာဟာ အစိုးရရဲ့ဗဟိုချုပ်ကိုင်မှုဆန်တဲ့ ပုံစံကြောင့်ဖြစ်ပြီး တခြားအကြောင်းတချက်ကတော့ နိုင်ငံရေးမှာ စစ်တပ်က ပါဝင်ခြယ်လှယ်နေတာကြောင့်လို့  Myanmar Journalist Institute အမှုဆောင်ဒါရိုက်တာ ဦးကျော်မင်းဆွေက ပြောပါတယ်။

လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ သတင်းမီဒီယာတွေဟာ နိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲအတွက် အဓိကကျတဲ့အခန်းကဏ္ဍမှာ ပါဝင်နေတာကြောင့် ပုဂ္ဂလိက မီဒီယာတွေရဲ့ အခက်အခဲကို ပြန်ကြားရေးဝန်ကြီးဌာနက လစ်လျူမရှုစေချင်ဘူးလို့ သတင်းစာဆရာ ဦးသီဟစောက ပြောပါတယ်။

အရပ်သားအစိုးရအဖြစ်စတင်အသွင်ပြောင်းခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်မှာ စတင်ပြီး ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေခွင့်ရခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ပုဂ္ဂလိက သတင်းစာ ၁၀စောင် ကျော်ထုတ်ဝေနိုင်ခဲ့ပေမယ့် အခုလက်ရှိ အန်အယ်လ်ဒီ အစိုးရတက်ပြီးနောက်ပိုင်းမှာတော့ ပုဂ္ဂလိကသတင်းစာ ၅စောင်သာ ရှင်သန်ထုတ်ဝေနိုင်ပါတော့တယ်။ ဒါပေမယ့် အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ  ပုဂ္ဂလိ ရုပ်သံလိုင်းသစ် ၅ လိုင်းကို တော့ ထုတ်လွှင့်ပြသခွင့်ပြုခဲ့ပါတယ်။

အခုလိုပုဂ္ဂလိက သတင်းစာတွေရပ်ဆိုင်းလိုက်ရတာဟာ စီးပွားရေးအခက်အခဲကြောင့်ဖြစ်ပြီး တခြားအဓိကအကြောင်းတခုက အစိုးရပိုင်မီဒီယာတွေကို မယှဉ်ပြိုင်နိုင်တာကြောင့်လို့  သတင်းစာဆရာတွေက သုံးသပ်ပြောပါတယ်။

လက်ရှိ အစိုးရလက်ထက်မှာ တရားစွဲဆိုခံထားရတဲ့ သတင်းသမား အမှုပေါင်း ၃၁မှုရှိပြီး တရားရင်ဆိုင်နေရတဲ့ သတင်းသမား ၄၇ဦး ရှိတယ်လို့ အသံအဖွဲ့က ဧပြီ ၂၃ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီထဲကမှ အစိုးရ၀န်ထမ်းတွေက တရားစွဲဆိုထားတဲ့အမှု ၁၈ မှု ၊တပ်မတော်က တရားစွဲဆိုထားတဲ့အမှု ၄မှုနဲ့  အခြားသူ တွေက တရားစွဲဆိုတဲ့အမှု ၉မှု ရှိတို့ပါဝင်ပါတယ် ။

သတင်းသမားတွေကို တရားစွဲဆိုရာမှာ ဆက်သွယ်ရေး ဥပဒေကို အသုံးပြုမှု အများဆုံးဖြစ်ပြီး မတရားအသင်းဥပဒေ၊ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၀ နဲ့ ၅၀၅(ခ)တို့လည်း ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013