DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်တွင် အမှိုက်များ လမ်းပေါ်ထိ စွန့်ပစ်နေသဖြင့် သွားလာရေး အခက်ကြုံ
DVB
·
May 2, 2019
ညောင်လေးပင်တွင် အမှိုက်များ လမ်းပေါ်ထိ စွန့်ပစ်နေသဖြင့် သွားလာရေး အခက်ကြုံ
1 / 5
Donate to DVB

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မှာရှိတဲ့ အမှိုက်ပုံဟာ လူနေအိမ်ခြေနဲ့ ကားလမ်းမဘေးမှာ ရှိနေတာကြောင့် မီးဘေးအန္တရာယ် စိုးရိမ်နေရသလို လမ်းမပေါ်အထိ အမှိုက်စွန့်ပစ်နေတာကြောင့် သွားလာရာမှာ အခက်အခဲ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် အမှိုက်ပုံဟာ ညောင်လေးပင်-ရွှေကျင်ကားလမ်းမဘေး မုက္ခမူကျေးရွာနဲ့ မြို့မ ၂ ရက်ကွက်တို့ကြားမှာ ရှိနေပြီး  စွန့်ပစ်အနံ့ဆိုးတွေကြောင့် ကျန်းမာရေးလည်း ထိခိုက်နေရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တိုင်းအလုပ်အမှုဆောင် ဦးမြင့်ကျော်က ပြောပါတယ်။

အဆိုပါအမှိုက်ပုံဟာ မြေဧက ၁.၂၈ ဧက အကျယ်သာရှိပြီး တနေ့ကို အမှိုက်တန်ချိန် ၁၅ တန်လောက် နေ့စဉ်စွန့်ပစ်နေရပြီး နေရာကျဉ်းမြောင်းတာကြောင့် နေရာပြောင်းပေးဖို့ လိုလားနေကြတယ်လို့ ဒေသခံ ဦးတင်ဇော်ဝင်းက ပြောပါတယ်။

“အမှိုက်ပုံဆိုတာက လူနေအိမ်ခြေတွေ၊ စာသင်တိုက်တွေနဲ့ နီးတဲ့နေရာမှာ မရှိတာ အကောင်းဆုံးပါပဲ။ မီးဘေးအန္တရယ်အတွက်လည်း စိုးရိမ်နေရတယ်။ ဖြစ်နိုင်မယ်ဆို လူနဲ့ မြို့နဲ့ ဝေးတဲ့နေရာမှာ သတ်သတ်မှတ်မှတ်နေရာပြောင်းပြီး စွန့်ပစ်တာ အကောင်းဆုံးပဲ။ မြို့အဝင်ထိပ်မှာ ရှိနေတော့ ဖြတ်သွားတဲ့ လူမှန်သမျှ နေ့တိုင်း လေထဲက အနံ့ဆိုးတွေကို ရှူရှိုက်နေရတယ်” လို့ ပြောပါတယ်။

အမှိုက်ကန်မြေနေရာရဖို့ ဝန်ကြီးချုပ်လာတုန်းက လွှတ်တော်ကိုယ်စားလှယ်တွေ စည်ပင်သာယာရေးကော်မတီတွေက တင်ပြတောင်းခံထားပြီး မြေနေရာရဖို့ ခွင့်ပြုချက်ရတာနဲ့ ပြောင်းရွှေ့သွားမယ်လို့ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးထင်အောင်ဦးက ဒီဗွီဘီကိုပြောပါတယ်။

“မြေနေရာကျဉ်းမြောင်းကြောင့် အမိုက်ကန်ဟာ တောင်ပုံယာပုံဖြစ်နေတာ အမှန်ပါပဲ။ လမ်းပေါ်ရောက်နေတဲ့ အမှိုက်တွေကို မီးဘေးအန္တရာယ်ရော အနံ့အသက်ရော မဆိုးဝါးအောင် ဘက်ဟိုးတစီးကို အမှိုက်ကန်မှာ အထိုင်ထားပြီး နေ့စဉ် အမှိုက်ကန်ပေါ် ဆွဲတင်ပေးနေတယ်။”

အဆိုပါအမှိုက်ပုံဟာ လွန်ခဲ့တဲ့နှစ်ပေါင် ၃၀ လောက်က စတင်ပြီး မြို့အပြင်ဖြစ်တဲ့ လက်ရှိနေရာမှာ စွန့်ပစ်ခဲ့တာဖြစ်ပေမယ့် ခုချိန်မှာ လူဦးရေ တိုးပွားလာတာကြောင့် လူနေအိမ်ခြေတွေ ထူထပ်လာတာကြောင့် နေရာပြောင်းလဲစွန့်ပစ်ပေးဖို့ လိုလားနေကြတာဖြစ်ပါတယ်။

သတင်း-ဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013