DVB Logo
Home
မြန်မာသတင်း
နမ့်ခမ်းမြို့တွင် TNLA က မိသားတစုကို ဖမ်းဆီးခေါ်ဆောင်ရန် ကြိုးစားစဉ် ပစ်ခတ်မှုဖြစ်
DVB
·
May 2, 2019
နမ့်ခမ်းမြို့တွင် TNLA က မိသားတစုကို ဖမ်းဆီးခေါ်ဆောင်ရန် ကြိုးစားစဉ် ပစ်ခတ်မှုဖြစ်
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ပေါ်က အောင်မေတ္တာရပ်ကွက်မှာ နေထိုင်တဲ့ မိသားတစုကို တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) က မေ ၁ ရက်နေ့ နေ့လယ်ပိုင်းမှာ နေအိမ်အတွင်း ဖမ်းဆီးခေါ်ဆောင်ဖို့ ကြိုးစားရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

“ကျနော်တို့ အိမ်ကို မနေ့နေလယ်ပိုင်းက ဆိုယ်ကယ် ၃ စီးနဲ့ TNLA ပလောင်အဖွဲ့က လူ ၆ ယောက်အရပ်ဝတ်နဲ့ ရောက်လာပါတယ်။ ဆာလာအိတ်ထဲမှာ သေနတ်အရှည်တွေ ထည့်ယူလာတယ်။ သေနတ်နဲ့ တယောက်က ခြံအ၀င်ပေါက်နားမှာ စောင့်နေတယ်။ တယောက် က အိမ်ထဲဝင်လာပြီး ကျနော့်အဖေနဲ့ ဦးလေးကို လက်ထိတ်ခတ်တယ်။ ကျန်တဲ့လူတွေက အိမ်ခန်းတွေထဲ မွှေနှောက်ရှာပြီး ပစ္စည်းတွေယူတယ်။ အဲ့ဒီအချိန်မှာ အိမ်ဘေးက လူတယောက်ကမြင်ပြီး ရဲစခန်းနဲ့ ပြည်သူ့စစ်တွေကို ဖုန်းဆက်အကြောင်းကြားလို့ ပြည်သူ့စစ်အဖွဲ့တွေ ကျနော်တို့ အိမ်ဘက်ကိုရောက်လာပြီး ပစ်ကြခတ်ကြတာပါ” လို့ အိမ်ရှင်ဖြစ်သူ ကိုစိုးသူက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်နေစဉ်အတွင်း နေအိမ်ခြံဝန်းအတွင်း ကလေးသူငယ် ၂ ဦး၊ ကျောင်းသူ/ ကျောင်းသား ၅ ဦး၊ မိခင် ၃ ဦးနဲ့ သက်ကြီးရွယ်အို အမျိုးသား ၁ ဦးရှိနေပါတယ်။ ပစ်ခတ်မှုတွေ ကြောင့် ထိခိုက်ဒဏ်ရာ၊ သေဆုံးသူ မရှိပါဘူး။ ဒါပေမယ့် တန်ဖိုးရှိပစ္စည်းတွေနဲ့ ငွေသားတွေ တော့ ပါသွားတယ်လို့ ဆိုပါတယ်။

“အပြန်အလှန်ပစ်ကြတော့ ပလောင်တွေ ထွက်ပြေးသွားကြတယ်။ လူတွေ ထိတာတော့ မရှိပါဘူး။ ပြည်သူ့စစ်အဖွဲ့တွေက အိမ်ထဲမှာ အရပ်သားတွေ ရှိနေတော့ ခြောက်လှန့်ပြီးပဲ ပစ်ခတ်တာပဲ ရှိခဲ့လို့ပါ။ သူတို့ပြေးသွားတော့ တရုတ်ငွေနှစ်ထောင်၊ မြန်မာငွေသိန်းလေး ဆယ်ကျော်၊ ရွှေသုံးကျပ်သားနဲ့ ဖုန်းတွေယူသွားပါတယ်” လို့ အိမ်ရှင်ကိုစိုးသူက ဆက်ပြောပါတယ်။

နမ့်ခမ်းမြို့အတွင်း ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး  TNLA တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးတာအိုက်ကျော်က “ကျနော်တို့လည်း လိုက်ပြီးမှ စုံစမ်းကြည့်နေတယ်ဖြစ်စဉ်ကိုပေါ့။ ကျနော်တို့ တပ်ဖွဲ့ဝင်ဟုတ် မဟုတ်လည်း စုံစမ်းနေတယ်။ ဖြစ်စဉ်က ဘယ်လိုဖြစ်တာလဲဆိုတာ မသိရသေးဘူးဖြစ်နေတယ်” လို့ ပြန်လည်ဖြေကြားပါတယ်။

TNLA တအာင်းတပ်ဖွဲ့က နမ့်ခမ်းမြို့နယ်အတွင်းမှာနေထိုင်တဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးခေါ်ဆောင်ပြီး ငွေကြေးနဲ့ ပြန်ရွေးခိုင်းတာဟာ မကြာခဏဆိုသလိုဖြစ်ပွားနေပါတယ်။ ဒီနှစ် ၁ လပိုင်း ၆ ရက်နေ့က အမျိုးသား/အမျိုးသမီး ၁၅ ဦး၊  ၃ လပိုင်း ၃ ရက်နေ့က ၈ ဦးတို့ကို နေအိမ်အတွင်း လက်နက်နဲ့ ၀င်ရောက်ဖမ်းဆီးပြီး တဦးကို ငွေကျပ်သိန်း ၃၀ နဲ့ ပြန်ရွေးယူ ခိုင်းတာတွေ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့ကလည်း TNLA တပ်ဖွဲ့ဝင်တချို့က နမ်ခမ်းမြို့၊ အောင်မေတ္တာရပ်ကွက်က ကုန်စုံဆိုင်ပိုင်ရှင်၊ ဦးလောင်လူ အသက် ၆၀ ကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့တာ အခုထိပြန်လွတ်မလာသေးလို့ ဇနီးဖြစ်သူက ပြောပါတယ်။

“ကျမအမျိုးသားကို ပလောင်စစ်သားတွေက အရပ်ဝတ်လာပြီး ဖမ်းသွားတယ်။ ငွေ ဆယ်သိန်းနဲ့ ရွေးခိုင်တယ်။ ကျနော်တို့မှာ ကလေးတွေများတယ်။ သူတို့တောင်းနဲ့ ငွေနဲ့ ပြန်မရွေးနိုင်ဘူး။ လာဖမ်းခေါ်သွားတဲ့နေကလည်း အိမ်က သေတ္တာထဲမှာ သိမ်းထားတဲ့ အိမ်ဂရံ ရယ်။ ပိုက်ဆံ ကိုး သိန်းရယ်ယူသွားတယ်။ ဆိုင်ဖွင့်ထားတယ်ဆိုတာကလည်း ကုန်သည်တွေက အကြွေးလာချပေးတဲ့ ပစ္စည်းတွေကို ကော်မရှင်ယူပြီး ရောင်းပေးတာပါ။ အခု ကျမ အမျိုးသားကို ဖမ်းခေါ်သွားတာ ဆယ်ရက်ကျော်နေပြီ၊ သူတို့တောင်းတဲ့ ပိုက်ဆံနဲ့ ပြန်မရွေးနိုင်လို့ ရိုက်နှက် နေလား မသိတော့ဘူး။ ကလေးတွေကလည်း သူ့အဖေကိုပဲ မေးမေးနေကြတယ်” လို့ ဇနီးဖြစ်သူ ဒေါ်ရန်ရွှင်ကော့က ဆိုပါတယ်။

TNLA တပ်ဖွဲ့အနေနဲ့ မူးယစ်ဆေ၀ါးနဲ့ ပတ်သက်တဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးခေါ်ဆောင်ပြီး မူးယစ်းဆေးဖြတ်ပေးဖို့ ငွေကျပ် ၁ သိန်းလောက်သာ တောင်းခံတာ ရှိတယ်လို့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးတာအိုက်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013