DVB Logo
Home
မြန်မာသတင်း
မလှိုင်မြို့နယ်တွင် သောက်သုံးရေပြတ်လပ်၊ မီးသတ်ကားဖြင့် လှူဒါန်း
DVB
·
May 2, 2019
မလှိုင်မြို့နယ်တွင် သောက်သုံးရေပြတ်လပ်၊ မီးသတ်ကားဖြင့် လှူဒါန်း
1 / 3
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်း ကျေးရွာအချို့မှာ သောက်သုံးရေ ပြတ်လပ်နေတာကြောင့် မီးသတ်ကားနဲ့ သောက်သုံးရေ လှူဒါန်းပေးနေရပါတယ်။

ယာကြီးကုန်းအုပ်စု သပွတ်ရုံရွာမှာ မေ ၁ ရက်နေ့က သောက်သုံးရေပြတ်လပ်တာကြောင့် မီးသတ်ကားနဲ့ သောက်သုံးရေ လှူဒါန်းပေးနေတယ်လို့ မလှိုင်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

မလှိုင်မီးသတ် ဦးစီး ဦးဇေယျာအောင်က "ဒီနေ့တော့ မီးသတ်ကားနဲ့ ရေဂါလန် ၅ ထောင် ပို့ပေးရတယ်။ သောက်သုံးရေ အလှူရှင်တွေက အဲရွာကို ပို့ပေးပါလို့ အကူအညီ တောင်းပါတယ်။ ရွာမှာ ရေငန်တွေတော့ ရှိတယ်၊ ထမင်းဟင်းချက်ရေ၊ သောက်ရေ ပြတ်လပ်တာပါ" လို့ ဒီဗွီဘီကို ပြောပါတယ်။

မလှိုင်ကျေးလက်အင်ဂျင်နီယာ ဒေါ်တင်တင်ခိုင်က "ဒီနှစ်တော့ မလှိုင်မြို့နယ်တခုလုံး ရေရှားပါး ပြတ်လပ်နိုင်တဲ့ ရွာ ၁၃ ရွာရှိမယ်လို့ လျာထားခဲ့တယ်။ လျာထားတဲ့အထဲက ကူနီရွာ၊ ကူခွဲရွာ၊ မြင်းဦးလှည့်ရွာမ မြင်းဦးလှည့်တောင်ရွာတွေ ရေချိုပြတ်လပ်လို့ အကူအညီပေးရတယ်။

လျာထားတဲ့အထဲ မပါတဲ့ သပွတ်ရုံရွာလည်း သောက်သုံးရေပြတ်လပ်သွားတော့ အခုထိ ရွာ ၅ ရွာ သောက်သုံးရေပြတ်လပ်တယ်။ သောက်သုံးရေ လိုအပ်လို့ ကျမတို့ဆီ အကြောင်းကြားရင် အကူအညီပေးနေပါတယ်” လို့ ပြောပါတယ်။

ယာကြီးကုန်းအုပ်စု အုပ်ချူပ်ရေးမှူး ဦးစိုးညွန့်က "ယာကြီးကုန်းအုပ်စုထဲက သပွတ်ရုံရွာ သောက်သုံးရေပြတ်တာပါ။ ကျေးလက်ဦးစီးက သောက်သုံးရေ လုံလောက်အောင် မြေသားကန်ကို ချဲ့ထွင်တူးပေးထားတယ်။ မိုးက ကောင်းကောင်းမရွာတော့ ကန်ထဲမှာ ရေမရဘူးပေါ့။ ရေတွင်းတူးသမျှ ရေငန်တွေပဲ ထွက်နေတယ်။ ပူလွန်းတော့ ရေငန်တောင် နည်းသွားတယ်။ သပွတ်ရုံရွာမှာ မတ်လ လဝက်လောက်က စပြီး သောက်သုံးရေပြတ်တာ ဒီနေ့ လှူတာရောဆို ၅ ခါလောက်တော့ ရှိနေပြီ" လို့ ပြောပါတယ်။

မလှိုင်မြို့နယ် ယာကြီးကုန်းအုပ်စုဟာ ရွာပေါင်း ၆ရွာ ရှိပါတယ်။ တအုပ်စုလုံး အိမ်ခြေ ၈၀၀ ကျော်ရှိပါတယ်။ သောက်သုံးရေ ပြတ်လပ်တဲ့ သပွတ်ရုံရွာမှာ အိမ်ခြေ ၁၀၀ လောက် ရှိနေပါတယ်။ ဆည်တိုရွာရဲ့ အနောက်ဘက် ၅ မိုင်ကျော်လောက်မှာ တည်ရှိပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013