DVB Logo
Home
မြန်မာသတင်း
တောင်ကြီး ၄ လောင်းပြိုင်လူသတ်မှု ကျူးလွန်သူ ၁ ဦးဖမ်းမိ၊ အမွေအရနည်းမည်စိုးရိမ်၍ သတ်ဖြတ်ခဲ့ဟုဆို
DVB
·
May 2, 2019
တောင်ကြီး ၄ လောင်းပြိုင်လူသတ်မှု ကျူးလွန်သူ ၁ ဦးဖမ်းမိ၊ အမွေအရနည်းမည်စိုးရိမ်၍ သတ်ဖြတ်ခဲ့ဟုဆို
Donate to DVB

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ၄ လောင်းပြိုင် လူသတ်မှုမှာ  ပြစ်မှုကျူးလွန်သူ အမျိုးသားတဦးနဲ့ သက်သေခံပစ္စည်းတွေကို ဖော်ထုတ်ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။

ဧပြီ ၂၈ ရက်မနက်က တောင်ကြီးမြို့၊ ကန်သာယာရပ်ကွက်နေ မြင်းဖြူနှစ်ကောင် တိုင်းရင်းဆေးတိုက်ပိုင်ရှင် ဒေါ်အေးရွှေဟာ ပင်လုံမြို့၊ ကမ္မဋ္ဌာန်းကျောင်းတိုက် ဆွမ်းကပ်လှူပွဲ သွားရောက်ပြီး နေအိမ်သို့ ပြန်ရောက်စဉ် သမက်ဖြစ်သူ စိုင်းဆေမွန် (ခ) ဆေမွန်၊ သမီး မနန်းခမ်းလှိုင်၊ မြေးဖြစ်သူ ၇ လသားအရွယ် စိုင်းဖဖနဲ့ အိမ်ဖော် မအေးမိုးအားတို့ ၄ ဦး ဒဏ်ရာတွေနဲ့  သေဆုံးနေတာကို တွေ့ရှိပြီး ရွှေထည်တွေနဲ့ ငွေကျပ်သိန်း ၄၀ အပါအဝင် စုစုပေါင်းတန်ဖိုး ကျပ် ၁၅၅၇ သိန်းခန့် ပျောက်ဆုံးနေလို့ တောင်ကြီးမြို့မရဲစခန်းမှာ တိုင်ကြားထားတဲ့အမှုကို ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

တာဝန်သိ ပြည်သူတဦးရဲ့ သတင်းပေးပို့ချက်အရ ရဲတပ်ဖွဲ့အနေနဲ့ မသင်္ကာသူကို သတင်းကွင်းဆက်ရရှိပြီး အခင်းဖြစ်ပွားရာနေရာမှာ ကျန်ရှိတဲ့ သဲလွန်စပစ္စည်းတွေနဲ့ ဆက်စပ်အတည်ပြု ဖော်ထုတ်ချက်အရ ဧပြီ ၂၉ ရက် မနက်ပိုင်းမှာ တရားခံ တင်အုန်း (ခ) အိုက်အုံးကို ကျောက်မဲမြို့နယ်၊ အထက်မြင်းကွင်းကျေးရွာရှိ နေအိမ်မှာ ဖမ်းမိပြီး သက်သေခံ ရွှေထည်ပစ္စည်းမျိုးစုံ ၁ ပိသာနီးပါးခန့်နဲ့  ငွေကျပ် ၇၂၀၀၀၀ တို့ကို ရှာဖွေသိမ်းဆည်းနိုင်ခဲ့တယ်လို့ ရဲသတင်းမှာ ဖော်ပြပါတယ်။

ကနဦးစစ်ကြောချက်အရ ဖမ်းဆီးခံထားရတဲ့ တင်အုန်း (ခ) အိုက်အုံးဟာ မူးယစ်ဆေးဝါးစွဲနေသူတဦးဖြစ်ပြီး မြင်းဖြူနှစ်ကောင် တိုင်းရင်းဆေးတိုက်ပိုင်ရှင် ဒေါ်အေးရွှေနဲ့  မောင်နှမဝမ်းကွဲ တော်စပ်ကြောင်း၊ သေဆုံးသူ မနန်းခမ်းလှိုင်ကတော့ ဒေါ်အေးရွှေရဲ့ မွေးစားသမီးဖြစ်ကြောင်း သိရတယ်လို့ ဆိုပါတယ်။

မနန်းခမ်းလှိုင်ဟာ ဒေါ်အေးရွှေနဲ့ အတူနေထိုင်ပြီး ဆေးတိုက်လုပ်ငန်းကိုလည်း ကိုယ်တိုင်ဦးစီး လုပ်ကိုင်နေသူဖြစ်လို့ မွေးစားမိခင်နဲ့အတူ အနေနီးစပ်တာကြောင့် အမွေခွဲမှု ရှိလာပါက တရားခံ တင်အုန်း (ခ) အိုက်အုံးရဲ့ သားဖြစ်သူ အမွေအရနည်းမှာကို စိုးရိမ်ပြီး တခြားသူတွေနဲ့ ပူးပေါင်းကာ သေဆုံးသူမိသားစုကို သတ်ဖြတ်ခဲ့တာလို့ စစ်ကြောချက်အရ သိရတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ကျန်တရားခံတွေနဲ့ ကျန်တဲ့ သက်သေခံပစ္စည်းတွေကို ဆက်လက်ဖမ်းဆီးရမိဖို့ ဆက်လက် ဆောင်ရွက်နေတယ်လို့ ရဲဇာနည်သတင်းမှာ ဖော်ပြပါတယ်။

သေဆုံးသွားသူ ၄ ဦးရဲ့ ဈာပနကိုတော့ ဧပြီ ၃၀ ရက် မွန်းလွဲပိုင်းက တောင်ကြီးမြို့မှာ ကျင်းပခဲ့ပြီး ဒေသခံ တိုင်းရင်းသား​ပေါင်းစုံက သုသာန်​သို့ ပို့ဆောင်​သင်္ဂြိုဟ်ပေးခဲ့ပါတယ်​။

၂၀၁၈ ခုနှစ်၊ ဩဂုတ် ၂၀ ရက်ကလည်း တောင်ကြီးဆေးတက္ကသိုလ် အနောက်ဘက်ရှိ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ဆွယ် လိုင်းခန်းမှာ​ ၄ လောင်းပြိုင် လူသတ်​မှုတခု ဖြစ်​ပွားခဲ့​ပေမယ့် တရားခံကို ခုချိန်ထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013