DVB Logo
Home
မြန်မာသတင်း
အဓမ္မအလုပ်ခိုင်းစေမှုများကို တိုင်ကြားနိုင်ရန် လုပ်ဆောင်နေဟု မေဒေးနေ့ သ၀ဏ်လွှာတွင် သမ္မတပြော
DVB
·
May 1, 2019
အဓမ္မအလုပ်ခိုင်းစေမှုများကို တိုင်ကြားနိုင်ရန် လုပ်ဆောင်နေဟု မေဒေးနေ့ သ၀ဏ်လွှာတွင် သမ္မတပြော
Donate to DVB

မြန်မာနိုင်ငံမှာ အဓမ္မခိုင်းစေမှု ပပျောက်ရေးဖို့  လုပ်ငန်းစီမံချက် ရေးဆွဲနေပြီး နိုင်ငံအဆင့် တိုင်ကြားမှုယန္တရားတရပ်ထူထောင်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။

ဒီကနေ့ မေလ ၁ ရက်မှာကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ် အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ  သမ္မတက ပြောကြားလိုက်တာပါ။

“နိုင်ငံတော်အနေဖြင့် အဓမ္မခိုင်းစေမှုပပျောက်ရေးအတွက် (ILO) နှင့် ပူးပေါင်း၍ တိုင်ကြားမှုယန္တရားတရပ် ထူထောင်ဆောင်ရွက်လျက်ရှိသကဲ့သို့ ထိခိုက်လွယ်သော ပြည်သူတို့ အပါအဝင် တိုင်းရင်းသားလူနည်းစု၏ အလုပ် သမားအခွင့်အရေးများ မြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်၍ အဓမ္မခိုင်းစေမှု ပပျောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်ကို ရေးဆွဲလျက်ရှိပြီး နိုင်ငံအဆင့် တိုင်ကြားမှုယန္တရားတရပ် (National Complaints Mechanism) အမြန်ဆုံး ထူထောင်နိုင်ရေး ဆောင်ရွက်နေပါသည်” လို့ သမ္မတရဲ့ သ၀ဏ်လွှာမှာ ဖော်ပြပါတယ်။

ကလေးအလုပ်သမားတွေ လျော့နည်းပပျောက်ရေးနဲ့  အဆိုးရွားဆုံးပုံစံနဲ့ ခိုင်းစေမှု မရှိစေရေးအတွက်လည်း အလုပ်ရှင်၊ အလုပ်သမားဆိုင်ရာ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ညှိနှိုင်းဖြေရှင်း လုပ်ဆောင်နေတယ်လို့ လည်း သမ္မတက ဆိုပါတယ်။

ဒါ့အပြင် အလုပ်သမားတွေရဲ့ဘ၀ တဆင့်ပြီးတဆင့် တိုးတက်မြင့်မားရေးအတွက်လည်း အစိုးရက အရေးကြီးတဲ့ မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲတာတွေ အလေးပေးဆောင်ရွက်နေချိန်မှာ အလုပ်ရှင်၊ အလုပ်သမားနဲ့  သက်ဆိုင်ရာဌာနတွေအနေနဲ့ ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး အတွက် အပြန်အလှန်နားလည်မှုရှိရှိ ကြိုးပမ်းဆောင်ရွက်ကြဖို့လည်း သမ္မတက တိုက်တွန်း ပါတယ်။

အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ဥပဒေနဲ့ အညီ ရရှိခံစားနိုင်ဖို့ အစိုးရအနေနဲ့ အလေးထား ဆောင်ရွက်ပေးနေသလို အလုပ်သမားတွေအနေနဲ့ မိမိတို့ရဲ့ လုပ်ငန်းတာဝန်တွေကို ကြိုးပမ်းထမ်းဆောင်ကြပြီး ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဥပဒေနဲ့ အညီ စေ့စပ်ညှိနှိုင်းဆွေးနွေးဖြေရှင်းကြပါလို့လည်း သမ္မတက ပြောပါတယ်။

ဒါ့အပြင် ပြည်ပအလုပ်အကိုင်တွေ ရရှိစေဖို့ မူဝါဒချမှတ် ဆောင်ရွက်ပေးနေသလို ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် သက်ဆိုင်ရာ နိုင်ငံတွေမှာ အလုပ်သမားသံအရာရှိတွေခန့်အပ်ကာ ထောက်ပံ့ကူညီရေး ဗဟိုဌာနတွေ ဖွင့်လှစ်  ဆောင်ရွက်ပေးနေတယ်လို့လည်း သမ္မတက သ၀ဏ်လွှာ မှာ ပြောပါတယ်။

မြန်မာနိုင်ငံတ၀န်းမှာ အလုပ်သမားရေးရာအဖွဲ့တွေ၊ အခြေခံ အလုပ်သမား အဖွဲ့အစည်းတွေနဲ့ အလုပ်ရှင်အဖွဲ့အစည်းတွေအပါအ၀င် အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်း စုစုပေါင်း  ၂၉၃၂ ဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ ကျရောက်တဲ့ မေဒေးနေ့ ကမ္ဘာ့အလုပ်သမားနေ့မှာ ကမ္ဘာတ၀န်း နိုင်ငံအသီးသီးမှာ အလုပ်သမားတွေနဲ့ အလုပ်သမားအခွင့်အရေးလှုပ်ရှားသူတွေက ဆန္ဒပြခဲ့ကြသလို မြန်မာနိုင်ငံမှာလည်း ရန်ကုန်နဲ့ မန္တလေးအပါအ၀င် နယ်မြို့တွေ့မှာလည်း အလုပ်သမားနေ့ အထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013