DVB Logo
Home
မြန်မာသတင်း
သာစည်မြို့နယ်တွင် တောင်သူများ ထွန်တုံးတိုက်ပွဲပြုလုပ်
DVB
·
May 1, 2019
သာစည်မြို့နယ်တွင် တောင်သူများ ထွန်တုံးတိုက်ပွဲပြုလုပ်
1 / 6
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်မှာ ဧပြီ ၃၀ ရက် မနက်က သစ်တောဌာနက သိမ်းထားတဲ့ ဆင်တောင်သစ်တောကြိုးဝိုင်းမြေမှာ တောင်သူ ၃၇ ယောက်က ဝင်ရောက်ထွန်ယက် ထွန်တုံးတိုက်ပွဲ ပြုလုပ်ကြပါတယ်။

ကံသာရွာနေဦးကျော်မြင့်က “၁၉၇၈-၇၉ လောက်က ကျနော်တို့ဆီက လယ်ယာမြေတွေကို စိုက်ကွင်းက သိမ်းသွားတာပါ။ ၂၀၁၃ မှာ စိုက်ကွင်းက ဒီမြေတွေကို စွန့်လွှတ်လိုက်တယ်။ အဲဒီမှာ နှမ်းတခါစိုက်တယ်။ ရိတ်သိမ်းပြီး နောက်ထပ် မိုးနှောင်းနှမ်းစိုက်မယ်ဆိုတော့ ထွေအုပ်နဲ့ သစ်တောက လာတားတယ်။ ညှိနှိုင်းလုပ်ဆောင်ဖို့လည်း ခေါ်ပါတယ်။ ဒီလယ်ယာမြေထဲမှာ အခိုင်အမာ အိမ်ဆောက်ပြီး နေနေတာ အိမ် ၁၄ လုံးရှိတယ်။ လယ်ယာလုပ်တာဆိုရင်လည်း လယ်စောင့်တဲဘဲ ဆောက်ရမယ်။ အဲဒါတွေကို အရေးယူစေချင်တယ်။ အခုလည်းပဲ သစ်တော ဝန်ထမ်းတွေ လာတားတယ်။ ကျနော်တို့ လယ်ယာမြေမို့ ကျနော်တို့ကတော့ ဆက်လုပ်မှာပဲ" လို့ ဒီဗွီဘီကို ပြောပါတယ်။

ရှမ်းရိုးမတောင်တန်းရဲ့ အောက်ခြေမြေပြန့်ရှိမြေယာတွေကို နီးစပ်ရာ ကျေးရွာတွေက တောခုတ်ရှင်းလင်းပြီး တပိုင်တနိုင် လယ်ယာလုပ်ခဲ့ကြပါတယ်။ မြစ်သား၊ ဝမ်းတွင်း၊ သာစည်စတဲ့ မြို့နယ်တွင်းက မြေယာတွေကို ၁၉၇၈-၇၉ လောက်မှာ လယ်ယာနှင့် ဆည်မြောင်း ဝန်ကြီးဌာနက သိမ်းယူပြီး  စိုက်ကွင်းတွေ တည်ထောင်ခဲ့ကြပါတယ်။

ဒီနောက် ပြည်သူ့စစ်ဖွဲ့စည်းပြီး လယ်ယာမြေတွေကို စောင့်ရှောက်ကာ ဝန်ထမ်းတွေနဲ့ ထွန်ယက်စိုက်ပျိုးခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ဝန်ထမ်းအင်အားနဲ့ မစိုက်ပျိုးနိုင်တော့လို့ နီးစပ်ရာကျေးရွာက တောင်သူတွေကို သီးစားအခွန်အခပေးကာ စိုက်ပျိုးခိုင်းခဲ့ပါတယ်။

၂၀၁၃ ခုနှစ်က သိမ်းဆည်းလယ်ယာမြေတွေ ပြန်လည် စွန့်လွှတ်ချိန်မှာ ဟိုတုန်းက တောခုတ်ပြီး လယ်ယာမြေလုပ်ခဲ့သူတွေနဲ့  စိုက်ပျိုးရေးဌာနက သီးစားချထားသူတွေက ဒီမြေပေါ်မှာ လုပ်စားပိုင်ခွင့် အပြိုင်အဆိုင် တောင်းဆိုလာကြပါတယ်။

ဒီလယ်မြေကိစ္စနဲ့ ပတ်သက်ပြီး သာစည်မြို့နယ် သစ်တောဦးစီးမှူး ဦးဟိန်းကျော်နိုင်က "ဒီမြေတွေက အရင်ထဲက သစ်တောပိုင်မြေတွေပါ။ စိုက်ကွင်းက စွန့်လွှတ်တဲ့အခါမှာ စိုက်ကွင်းက သီးစားချထားသူတွေနဲ့ ဟိုတုန်းက တောင်သူလုပ်ခဲ့သူတွေ သူလုပ်မယ် ငါလုပ်မယ် ဖြစ်လာကြတာပါ။ အားလုံးညှိနိုင်းပြီး အစုအဖွဲ့ပိုင်သစ်တောလုပ်ရင်း တောင်သူလုပ်ကြပါ ဆိုတာကို ၂၀၁၈ ခုနှစ် မေလထဲမှာ နှစ်ဘက်လုံးကို ခေါ်ယူညှိနှိုင်းပေးတယ်။ ညှိမရခဲ့ဘူး။ ညှိနှိုင်းနေစဉ်မှာ ဘယ်သူမှ ဝင်ရောက် မလုပ်ဖို့လဲ တားထားပါတယ်။ အဲဒီထဲရောက်နေတဲ့ အိမ်တွကိုလည်း မြို့နယ်နဲ့ ညှိနှိုင်းပြီး သစ်တောဥပဒေအတိုင်း လုပ်ဆောင်သွားမှာပါ"လို့ ပြောပါတယ်။

ဆင်တောင်သစ်တောကြိုးဝိုင်း စိုက်ပျိုးရေးအခေါ် စည်တီးစိုက်ကွင်း အရပ်အခေါ် ကျောက်မဲကြီးတောင်ကွင်းမှာ မြေယာဧက ၄၂၀ ကျော်ရှိပြီး စိုက်ကွင်းက သီးစားချထားခဲ့သူ ၃၄ဦးရှိပါတယ်။

ဓားမဦးချတောင်သူ ဦးကျော်မြင့်ပါ ၃၇ ဦးတို့ရဲ့ မြေယာလုပ်ပိုင်ခွင့် အငြင်းပွားမှုဟာ ၆ နှစ်ကျော်ကြာ ရှိနေပြီဖြစ်ပေမယ့်  တိကျပြတ်သားတဲ့ အဖြေမရရှိတာကြောင့် ထွန်တုံးတိုက်ပွဲ ဆင်နွှဲတာလို့ ပါသူတွေက ပြောပါတယ်။

ရှမ်းရိုးမတောင်ခြေရှိ ဝမ်းတွင်းမြို့နယ်ထဲမှာလည်း မြေယာဧက ၁၀၀၀ ကျော်မှာ နှစ်ဘက်ညှိနှိုင်းမရဖြစ်နေပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013