DVB Logo
Home
မြန်မာသတင်း
သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကြောင့် မြိတ်ငါးမှုန့်နှင့်ကျောက်မီးသွေး စက်ရုံများကို ဆန္ဒပြမည်
DVB
·
October 30, 2012
သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကြောင့် မြိတ်ငါးမှုန့်နှင့်ကျောက်မီးသွေး စက်ရုံများကို ဆန္ဒပြမည်
Donate to DVB

တနင်္သာရီတိုင်း မြိတ်မြို့က ငါးမှုန့်ကြိတ်လုပ်ငန်းတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးပြီး ဒေသခံတွေ ကျန်းမာရေးထိခိုက်နေတဲ့အတွက် ဒီပြဿနာကို ဖြေရှင်းပေးဖို့ တောင်းဆို ဆန္ဒပြဖို့ စီစဉ်နေကြပါတယ်။

မြိတ်မြို့ပေါ်မှာ အကြီးစား ငါးမှုန့်ကြိတ် စက်ရုံကြီး ၅ ခုရှိပြီ့း  မြိတ်မြို့အနောက်ဘက် တမိုင်ခန့် ကွာဝေးတဲ့ ကျွန်းစုမြို့နယ် ပထော်ပထက် ကျွန်းပေါ်မှာ  စက်ရုံကြီး ၁ ခု ရှိပါတယ်။  ဒီစက်ရုံကြီးတွေရဲ့ ငါးမုန့်ထုတ်လုပ်ရေးလုပ်ငန်းတွေကြောင့် ဒေသခံတွေဟာ ဆိုးရွားတဲ့ အနံ့အသက်ကို နေ့စဉ် ရှူရှိုက်နေရပြီး မသန့်ရှင်းတဲ့ရေကို အသုံးပြုနေရပါတယ်။

[caption id="attachment_32523" align="alignleft" width="300" caption="မြိတ်မြို့ရှုခင်း (ဓာတ်ပုံ- မြိတ်ချစ်သူ)"][/caption]

ဒီကိစ္စ စက်ရုံပိုင်ရှင်တွေကို တင်ပြထားပေမယ့် အကြောင်းမထူးသလို သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း ထိရောက်စွာ အရေးယူမပေးတဲ့အတွက် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ပြီး ဆန္ဒထုတ်ဖော်ဖို့ စီစဉ်ရတာလို့ ဦးဆောင်သူတဦးဖြစ်တဲ့ ဦးလှမော်က ပြောပါတယ်။

“ငါးမှုန့်စက်ရုံတွေရဲ့ ရေဆိုးတွေအားလုံးက ပတ်ဝန်းကျင်ရေထုညစ်ညမ်းမှုက အများကြီးပဲ။ ပတ်ဝန်းကျင်မှာ လူ ၁ သိန်းလောက်နေတယ်။ တမြို့လုံးလည်း လူ ၃ သိန်းရှိတယ်။ အဲ့အနံ့ကို တချိန်လုံးခံစားနေရတယ်။ ကျနော်တို့မြို့မှာ ၁၃ ရပ်ကွက်ရှိတယ်။ အဲ့ဒီ ၁၃ ရပ်ကွက်လုံးပဲ။ မြိတ်မှာက စက်ရုံ ၅ ရုံရှိတယ်။ စက်ရုံ ၁ ရုံရဲ့ တနေ့ တန်ချိန်က တန် ၂၀၊ အဲတော့ တမြို့လုံးဆို ဘယ်လောက်ရှိမလဲ။ ကျနော်တို့ဆီမှာရှိတဲ့ ဒီရေရောက်တောတွေ အကုန်လုံးကုန်ပြီ။”

ဆန္ဒထုတ်ဖော်ပွဲကို နိုဝင်ဘာလ ၄ ရက်နေ့မှာ ပြုလုပ်ခွင့်ရဖို့အတွက် အောက်တိုဘာ ၂၇ ရက်နေ့က မြို့နယ်ရဲတပ်ဖွဲ့မှာ စာတင်ရာမှာ ဆန္ဒပြမယ့် လူဦးရေ ၁ သောင်း များလွန်းတယ်ဆိုပြီး ခွင့်ပြုချက်မရတဲ့အတွက် ၁ ထောင်လောက်အထိ လျှော့ချပြီး အောက်တိုဘာ ၂၉ ရက်နေ့မှာ တင်ထားကြောင်း ဦးလှမော်က ပြောပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာ စက်ရုံအလုပ်ရုံတွေအနေနဲ့ ပြည်သူတွေကို မထိခိုက်စေတဲ့ နည်းလမ်းတွေ အသုံးပြုဖို့၊ ဒီရေတောပြုန်းတီးစေတဲ့ ထင်းလောင်စာတွေ အသုံးမပြုဘဲ ဒီဇယ်နဲ့လည်ပတ်ဖို့၊ အနံ့ဆိုးတွေမထွက်အောင် ထုတ်ကုန်လည်ပတ်မှုစနစ်တွေ နည်းလမ်းကျကျဆောင်ရွက်ဖို့နဲ့ စက်ရုံကို  လူနေအိမ်ခြေနဲ့ဝေးရာကို ရွှေ့ပေးဖို့ တောင်းဆိုသွားမယ်လို့ ဦးလှမော်က ပြောပါတယ်။

ဒါ့အပြင် မြိတ်မြို့နယ် လောလော့ကျေးရွာ မြစ်ကမ်းနဖူးမှာ တည်ဆောက်မယ့် ကျောက်မီးသွေး စက်ရုံစီမံကိန်းကြောင့်  သဘာ၀၀န်းကျင် ပျက်စီးမှာကို ကာကွယ်တဲ့အနေနဲ့ အဲဒီစက်ရုံကိုလည်း ကန့်ကွက်သွားမယ်လို့ ဆိုပါတယ်။

မြိတ်ခရိုင် နယ်နိမိတ်ထဲက ရဲတံခွန် သဘာဝဓာတ်ငွေ့တွေကို ဒေသခံပြည်သူတွေ ပိုင်ဆိုင်သုံးစွဲခွင့်ရှိဖို့ကိုလည်း တောင်းဆိုသွားမယ်လို့ ဦးလှမော်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့က မြိတ်မြို့နယ် လူငယ်ဆရာဝန်များကွန်ရက်အဖွဲ့နဲ့ ၈၈ မျိုးဆက်သစ်ကျောင်းသားများအဖွဲ့ (မြိတ်ခရိုင်) ကလည်း ကြေညာချက် အသီးသီး ထုတ်ပြန်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်ကစပြီး အဲဒီဒေသမှာ ငါးမှုန့်လုပ်ငန်းကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေတဲ့တွက် မြိတ်မြို့ခံတွေ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ခံစားနေရကြောင်း၊ စက်ရုံက လောင်စာအဖြစ် ထင်းကို တွင်တွင်ကျယ်ကျယ် အသုံးပြုတဲ့အတွက် ဒီရေရောက်တောပြုန်းမှုတွေ ဖြစ်ပေါ်နေကြောင်း၊ နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးရေးစီမံကိန်းမှာ သဘာ၀၀န်းကျင်နဲ့ လူမှုပတ်ဝန်းကျင် လျစ်လျူရှု ခံနေရကြောင်း စတဲ့အချက်တွေကို   ကြေညာချက်ထဲမှာ ရေးသားဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013