DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် တရားမ၀င်သစ် ဖမ်းဆီးရမိမှု ယမန်နှစ်ထက် လျော့နည်းသွား
DVB
·
May 1, 2019
စစ်ကိုင်းတိုင်းတွင် တရားမ၀င်သစ် ဖမ်းဆီးရမိမှု ယမန်နှစ်ထက် လျော့နည်းသွား
1 / 5
Donate to DVB

စစ်ကိုင်းတိုင်းသစ်တောဦးစီးဌာနရဲ့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ၆ လအတွင်း တရားမဝင်သစ်ဖမ်းဆီးရမိမှုဟာ အရင်နှစ်ကာလတူထက် သစ်တန်ချိန် ၁၀၀၀ လောက်  လျော့နည်းသွားပါတယ်။

တရားမဝင်သစ်ခိုးထုတ်တဲ့ သစ်တော ကြိုးဝိုင်းတွေထဲမှာ သစ်တောဌာနက တပ်မတော်ရဲ့ ကူအညီရယူ ၀င်ရောက်ဖမ်းဆီးခဲ့တာတွေကြောင့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်၊ အောက်တိုဘာကနေ မတ်လကုန်ထိ ၆ လအတွင်း တရားမဝင်သစ် ဖမ်းဆီးရမိမှု ၄၅၇၀ တန်ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ကာလတူမှာ ၅၅၂၁ တန်ထိ ရှိခဲ့တဲ့အတွက် မနှစ်ကထက်  သစ်တန် ၉၅၀ ကျော်လျော့ နည်းခဲ့တယ်လို့ တိုင်းဒေသကြီးသစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းစိုးကပြောပါတယ်။

“လျော့ရတဲ့ အကြောင်းရင်းတွေက ဘာလို့လဲဆိုတော့ ၂၀၁၉ ဇန်နဝါရီလ ၁ ရက်ကနေ ဧပြီလ ၃၀ ရက်နေ့ထိ ပုလဲ၊ ယင်းမာပင်၊ ကနီ၊ မင်းကင်းမြို့နယ်တွေမှာ စစ်ကြောင်း ၄ ကြောင်းနဲ့ တောက်လျှောက်ကင်းလှည့်နေတယ်။ တောက်လျှောက်ဖမ်းဆီးနေတဲ့အတွက် ဖမ်းဆီးရမိမှု ကျပါတယ်။ နောက်တခါ မဟာမြိုင်ကြိုးဝိုင်းနဲ့ ဆက်စပ်နေတဲ့ ဧရိယာ မင်းကင်း၊ မော်လိုက်၊ ကလေးဝ၊ ကျွန်းလှ၊ တန့်ဆည်မြို့နယ်တွေမှာလည်း ခုနကလိုပဲ ဇန်နဝါရီလ ၁ ရက်နေ့ကနေ မတ်လကုန်ထိ သစ်တောရဲ၊ တပ်မတော်ရဲ့ အကူအညီနဲ့ စစ်ကြောင်းတွေ ကင်းလှည့် ဆောင်ရွက်နေပါတယ်။ ဒါကြောင့် ကျဆင်းတာဖြစ်ပါတယ်”

ဖမ်းဆီးရမိတဲ့ သစ်တန် ၄၅၀၀ ကျော်ထဲမှာ ကျွန်းသစ်နဲ့ ခွဲသား ၁၁၄၆ တန်၊ သစ်မာနဲ့ တခြားသစ် ၃၄၂၄ တန်ရှိခဲ့ပြီး တရားမဝင်သစ်ခိုးထုတ်သယ်ယူလုပ်ကိုင်သူ ၃၅၆ ဦး၊ ကား၊ ထော်လာဂျီအပါအဝင်ယာဉ်ယန္တရား ၃၆၃ စီး၊ သစ်စက် ၁၀၃ ခု၊ ချိန်းဆော ၅၀ လက်၊ တူမီးသေနတ် ၂ လက်တို့ကို ဖမ်းဆီးရမိခဲ့တာပါ။

အခုဘဏ္ဍာနှစ် ၆ လအတွင်း တရားမဝင်သစ်တွေကို သစ်တောခရိုင် ၈ ခုမှာ ကသာခရိုင်က သစ်တန် ၅၈၀ ကျော်နဲ့ အများဆုံးဖမ်းဆီးရမိခဲ့ပြီး ခန္တီးခရိုင်ကတော့ ၇ တန်ကျော်နဲ့ အနည်းဆုံးဖမ်းဆီးရမိခဲ့တာပါ။

တဖက်က စစ်ကြောင်းတွေထိုးပြီး တရားမဝင်သစ်ခိုးထုတ်မှု လျော့နည်းစေရေးအတွက် ကင်းလှည့်လုပ်ဆောင်နေသလို တခြားဖက်မှာလည်း ဒေသသုံးသစ်အတွက် ဖမ်းဆီးရမိတဲ့ သစ်တွေကို လေလံတင်ကာ ရောင်းချနေပြီး စီးပွားရေး ကျွန်းစိုက်ခင်း၊ ပျဉ်းကတိုးစိုက်ခင်းတွေ လည်း တိုးချဲ့နေကာ သဘာဝတောတွေသတ်မှတ်ပြီးတော့လည်း ရှိပြီးသစ်တောတွေကို ထိန်းသိမ်းနေတယ်လို့ သစ်တောဦးစီးဌာနက ဆိုပါတယ်။

အခုနောက်ပိုင်းမှာ သစ်အလုံးလိုက် ခိုးထုတ်သယ်ယူတာထက် တောထဲတင် ဖြတ်တောက်ခွဲစိပ်ပြီး ဆိုင်ကယ်၊ အိမ်စီးကား၊ ထော်လာဂျီ၊ ဝါးဖောင်၊ စက်လှေ စတာတွေနဲ့ တပိုင်တနိုင်သယ်ယူလာတာက ပိုမိုများပြားလာနေတာဖြစ်ပါတယ်။

သစ်တောဦးစီးဌာနအနေနဲ့ တရားမဝင်သစ်တွေကို ထိထိရောက်ရောက်တားဆီးနိုင်ဖို့ အတွက် ဝန်ထမ်းအင်အား လုပ်ပိုင်ခွင့် ငွေကြေးသုံးစွဲနိုင်မှု စတဲ့အခက်အခဲတွေလည်း ရှိနေပါတယ်။

ဒါ့အပြင် တရားမဝင်မော်တော်ယာဉ်တွေ၊ လွှစက်တွေ၊ ချိန်းဆောတွေ လွယ်လင့်တကူ ဝယ်ယူရရှိနေတာကလည်း တရားမဝင်သစ်တွေ ထုတ်လုပ်ဖို့ အထောက်အပံ့ဖြစ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013