DVB Logo
Home
မြန်မာသတင်း
ပဋိပက္ခဖြစ်နေသည့် ရခိုင်ဒေသတွင် ၀ါကျွတ်ပွဲတော် အကျဉ်းချုံးကျင်းပ
DVB
·
October 30, 2012
Donate to DVB

ဒီကနေ့ဟာ ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ သီတင်းကျွတ်လပြည့်နေ့ဖြစ်တဲ့ အလျောက်   မြန်မာနိုင်ငံတ၀န်း မြို့တွေ ရွာတွေ အသီးသီးမှာ ၀ါကျွတ်ပွဲတော်တွေကို ကျင်းပခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်ထဲက မြို့နယ်တွေ အသီးသီးမှာ  သီတင်းကျွတ်ပွဲတော်ကို ပဋိပက္ခတွေကြားက ကျင်းပခဲ့ကြပေမယ့်  အရင်နှစ်တွေတုန်းကလိုတော့ စည်စည်းကားကား သိုက်သိုက်ဝန်းဝန်း ကျင်းပနိုင်ခြင်း မရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

မြောက်ဦးမြို့က ဘာသာရေးပွဲတော်တွေ အဓိကကျင်းပလေ့ရှိတဲ့  ရတနာမာန်အောင်ကျောင်းမှာ  ၀ါကျွတ်ပွဲတော်ရောက်တိုင်း ထောင်နဲ့ချီတဲ့မြို့ခံတွေ အလှူပွဲမှာ ပါဝင်ဆင်နွှဲခဲ့ကြတာပါ။ ဒီနှစ်မှာတော့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်  စိုးရိမ်ပူပန်မှုတွေရှိနေတဲ့အတွက်  ရာဂဏန်းလောက်ပဲလာတာ တွေ့ရတယ်လို့ မြို့ခံ ဦးမောင်မောင်က ပြောပါတယ်။

“အရင်ကဆို လူ ၁၀၀၀ လောက်ဆွမ်းကျွေးရပါတယ်။ ဒီနေ့ကတော့ ၃၀၀ လောက်ပဲရှိပါတယ်။ အရင်ကထက်စာရင် အခုအချိန်မှာက အားလုံးက ၀မ်းနည်းကြေကွဲတဲ့၊ စိုးရိမ်နေတဲ့ပုံစံမျိုးတွေ မြင်တွေ့ရတယ်။ အရင်ကဆို ရတနာမာန်အောင်ကျောင်းမှာ မီးပုံးတွေတင်လွှတ်တယ်။ ဆီးမီး၊ ပန်း ဒါတွေလုပ်တယ်။ အခုကတော့ ပုံမှန် ဘုရားမီးပူဇော်တာလောက်ပဲ လုပ်ဖြစ်ပါမယ်။ ကျန်တာတွေ မလုပ်ဖြစ်တော့ပါဘူး။”

မောင်တောမြို့မှာတော့  မြို့ဦး ဆန်တော်ရှင်ဘုရားမှာ  သီတင်းကျွတ်ပွဲတော် အထိမ်းအမှတ် ဆီမီး ၁၀၀၀ ပူဇော်ပွဲတွေ ကျင်းပခဲ့ပါတယ်။   ဒါပေမယ့် မြို့မှာ ခါတိုင်းနှစ်တွေလို ပျော်ပွဲရွှင်ပွဲတွေ ဒီနှစ် ကျင်းပဖို့ မရှိတော့ဘူးလို့ အောင်မြေဗောဓိသာသနာ့ရိပ်သာ ကျောင်းတိုက် ဆရာတော်  ဦးမဏိသာရက မိန့်ပါတယ်။

“ဒီနှစ်ကတော့ အရေးအခင်းကာလဖြတ်သန်းခဲ့ရတော့ လူတွေမှာ စိတ်ရဲ့ လုံခြုံမှုမရှိတော့ ဘာသာရေးတွေ မနှစ်ကလောက် တက်တက်ကြွကြွလုပ်လာတာ မရှိတော့ဘူး။ မောင်တောမှာလည်း ပွဲလမ်းသဘင်လုပ်ဖို့က ကာဖြူးကလည်းရှိသေးတော့ လုပ်ဖို့မလွယ်ပါဘူး။ ဟိုတုန်းကတော့ တနှစ်တခါ မြို့သူမြို့သားတွေ ပျော်ပွဲရွှင်ပွဲကတော့ ရှိခဲ့တယ်။ ဒီနှစ်တော့ မရှိနိုင်တော့ပါဘူး။”

ကျောက်ဖြူမြို့မှာတော့ သီတင်းကျွတ်မီးထွန်းတာရှိပေမယ့် လုံခြုံရေးစိတ်ချရတဲ့ အခြေအနေမှာ မရှိတဲ့အတွက် လူတွေက ညနေပိုင်း အပြင်မထွက်ကြတာ့ဘူးလို့ မြို့ခံ အငြိမ်းစား အထက်တန်းပြ ဆရာမ ဒေါ်သိန်းတင်က ပြောပါတယ်။

“မီးထွန်းသင့်သလောက်တော့ ညနေပိုင်း ထွန်းကြမယ်။ မီးလည်တာတော့ အိမ်ထဲကလည်း မထွက်ကြတော့ မရှိဖို့များတယ်။ အရင်က စိတ်ချလက်ချ မီးလည်ကြည့်ကြတယ်။ အခုကတော့ ကိုယ့်အိမ်မှာကိုယ် သတိဝိရီယနဲ့ပဲ နေကြတာပေါ့။”

ရခိုင်ပြည်နယ် မြို့တော်စစ်တွေမှာတော့ ၀ါကျွတ်ပွဲတော်မှာ ဆွမ်းလောင်းပွဲတွေ ဆီမီးပူဇော်ပွဲတွေ၊ အလှူအတန်းတွေ စည်စည်ကားကား ပုံမှန်အတိုင်းပဲ ကျင်းပနိုင်ခဲ့တယ်လို့ စစ်တွေမြို့ခံတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013