DVB Logo
Home
မေးမြန်းခန်း
နိုင်ငံရေးဆွေးနွေးရန် ကေအိုင်အို၏ တောင်းဆိုချက် အစိုးရလိုက်လျော
DVB
·
October 30, 2012
နိုင်ငံရေးဆွေးနွေးရန် ကေအိုင်အို၏ တောင်းဆိုချက် အစိုးရလိုက်လျော
Donate to DVB

ကေအိုင်အိုဘက်က အစဉ်တစိုက်တောင်းဆိုနေတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့ကို အစိုးရ ကိုယ်စားလှယ်အဖွဲ့က လိုက်လျောလိုက်ပါတယ်။

မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ရဲ့ ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ရွှေလီမြို့က ချန့်ဂျင်းဟိုတယ်မှာ ဦးအောင်မင်းဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ကေအိုင်အိုဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် ဦးဆောင်တဲ့ ကေအိုင်အို ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ ဒီနေ့ နေ့ခင်းပိုင်း ဆွေးနွေးပွဲမှာ သဘောတူညီကြတာ ဖြစ်ပါတယ်။

[caption id="attachment_32513" align="alignleft" width="300" caption="ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့ဝင် ဗိုလ်မှူးကြီး ဂျီးနောင"][/caption]

ဒီဆွေးနွေးပွဲမှာ ပါဝင်တဲ့ ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့ဝင် ဗိုလ်မှူးကြီး ဂျီးနောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ကေအိုင်အိုကနေ တောက်လျှောက်တောင်းဆိုလာတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို မြန်မာ အစိုးရကိုယ်စားလှယ်အဖွဲ့က လက်ခံတယ်လို့ ကြားရပါတယ်။ ဟုတ်ပါလား။

“ဟုတ်ပါတယ်။ အမြန်ဆုံးတွေ့ဆုံရအောင်၊ နောက်တခေါက်တွေ့ရင်တော့ နိုင်ငံရေးဆွေးနွေးပွဲ တွေ့ဆုံဆွေးနွေး ရအောင်။”

ဒီနေ့ဆွေးနွေးပွဲတခုလုံးကို ခြုံပြောရရင် အားရကျေနပ်မှုရှိပါလား။ အလားအလာက။

“သိပ်တော့ ကျေနပ်မှုဆိုတာထက် သူတို့ဘက်က တပ်နဲ့ပတ်သက်ပြီး ပြောချင်ပါတယ်။ ကျနော်တို့ဘက်က မပြောဖြစ်ဘူး။ ဘာလို့လဲဆိုတော့ တပ်ကိစ္စက မူမရှိဘဲ၊ ဘောင်မရှိဘဲ ဆွေးနွေးလို့ကတော့ ပြဿနာက ရန်ဖြစ်ရုံပဲရှိပါတယ်။ ဘောင်မူချဖို့အတွက် နိုင်ငံရေး အရင်ဆွေးနွေးရပါမယ်။ အဲသဘောနဲ့ နိုင်ငံရေးဆွေးနွေးမယ်ပြောတော့ ဦးအောင်မင်းက လက်ခံတယ်။ ”

ကစထ (၁) မှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက မူဆယ်မှာကျန်ခဲ့တာက ဗိုလ်ချုပ်ဂွမ်မော်က ဒီဆွေးနွေးပွဲကို မတက်လို့ သတင်းတွေကြားရတယ်။ ဗိုလ်ချုပ်ဂွမ်မော် ဘာလို့မတက်ပါလဲ။

“ဗိုလ်ချုပ်ဂွမ်မော် ကေအိုင်အေတပ်တွေအားလုံးကို သူက အမိန့်ပေးရပါတယ်။ လောလောဆယ် လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက ရှမ်းပြည်က တပ်ရင်း ၂ နဲ့ ၈ ကို ထိုးစစ်ဆင်ခံရပါတယ်။ မနေ့ညက စပြီးတော့ တပ်ရင်း ၉ ကို ၀ိုင်းဝန်းပိတ်ဆို့ပြီး စစ်တိုက်နေပါတယ်။ ဒီနေ့အစည်းအဝေးလုပ်နေတဲ့ အချိန်မှာလည်း တပ်ရင်း ၉ မှာ တိုက်ပွဲတွေဖြစ်နေတယ်။ ဒါကြောင့် ဗိုလ်ချုပ်ဂွမ်မော်က ရှေ့တန်းက တိုက်ပွဲတွေကို အမိန့်ပေးနေရလို့ သူက ၀ိုင်ယာလက်ပေါ်ကနေ ခွာလို့မရဘူး။ သူ ဒီဘက်လာလို့မရပါဘူး။”

ဒီနေ့ဆွေးနွေးပွဲမှာ အစိုးရဘက်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်က တပ်မတော်က ထိုးစစ်မရှိဘူးပြောတယ်။ ကေအိုင်အိုဘက်က ဘယ်လိုပြန်ရှင်းပါလဲ။

“ဒီနေ့ တပ်နဲ့ပတ်သက်လို့ကတော့ ဂျာအေးအမေရိုက်၊ မုန့်လုံးစက္ကူကပ်ဖြစ်မှာစိုးလို့ မဆုံးနိုင်ဖြစ်မှာမို့ ကျနော်တို့ မပြောပါဘူး။ အဲ့ကိစ္စ သူ့ဘာသာပြောသွားတာဖြစ်တယ်။ အဲ့ကိစ္စတွေက လုံးဝ မြေပြင်နဲ့အထက်နဲ့က ကွဲပြားနေပါတယ်။ မြေပြင်မှာဖြစ်တဲ့အပိုင်းက ကျနော်တို့က ခံရတဲ့လူတွေမို့ သိပါတယ်။ တိုင်းမှူးပြောတဲ့အထဲမှာ ထိုးစစ်မဆင်ဘူး၊ ခံစစ်သက်သက်ပဲ ဖြစ်ပါတယ်၊ ဘာဖြစ်ပါတယ်၊ ညာဖြစ်ပါတယ် ဆိုပေမယ့် မြေပြင်မှာ ရှေ့တန်းမှာ ခံစားနေရတဲ့ ကျနော်တို့ ပြည်သူတွေအနေနဲ့ကတော့ ဘယ်လိုမှ လက်ခံနိုင်စရာမရှိပါဘူး။”

ဒီနေ့ ဆွေးနွေးပွဲအရဆိုရင် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဖို့ ဗိုလ်မှူးကြီးတို့ ဘယ်အချိန်၊ ဘယ်ကာလ၊ ဘယ်နေရာမှာ ထပ်ပြီးတွေ့ဆုံမယ်ဆိုတာ အကြမ်းဖျင်း လျာထားတာရှိလား၊ ကမ်းလှမ်းထားတာမျိုး ရှိပါသလား။

“ဒီနေ့ မကမ်းလှမ်းနိုင်သေးပါဘူး။ ဗဟိုရောက်ပြီးမှ ကျနော်တို့ထဲမှာ ဆွေးနွေးပြီးမှ နောက် တခေါက် ပြန်တွေ့ပါမယ်။ ဘယ်နေရာဆိုတာ အဲအချိန်ကျမှပဲ ရှေ့တန်းမှာ တိုက်ပွဲဖြစ်နေတဲ့ အနေအထားကို ကြည့်ပြီး ကျနော်တို့ ပြန်ပြီးဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ လောလောဆယ် ဘယ်အချိန်၊ ဘယ်နေရောတော့ မသိနိုင်သေးပါဘူး။”

ဗိုလ်မှူးကြီးတို့ရဲ့ ကချင်လွတ်လပ်ရေးတပ်မတော် ထိန်းချုပ်ခွင်ထဲမှာ စစ်ရှောင်ဒုက္ခသည် ၁ သိန်းလောက်ရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဒီနေ့ ဆွေးနွေးပွဲရလဒ်က ငြိမ်းချမ်းရေးအတွက် လမ်းပွင့်လာပြီလို့ ပြောနိုင်ပါသလား။

“အဲလို မပြောနိုင်ပါဘူး။ ကျနော်တို့ စစ်ပြေးဒုက္ခသည်တွေရဲ့ စိတ်ထဲမှာ နာကြည်းချက်တွေ အများကြီးရှိပါတယ်။ သူတို့စိတ်ထဲက ဒဏ်ရာဒဏ်ချက်တွေကို ဖြေရှင်း ကုသပေးဖို့က အများကြီးလိုပါသေးတယ်။ ကျနော်တို့ အဲဒါ ကြိုးစားနေပါတယ်။”

ဒီနေ့ ဆွေးနွေးပွဲရလဒ်နဲ့ပတ်သက်ပြီး ဘာများ ထပ်ပြီး ပြောချင်တာ ရှိပါသလဲ။

“ဆွေးနွေးတာနဲ့ပတ်သက်ပြီး အရင်အတိုင်းပါပဲ။ အရင်တုန်းကလည်း တင်ပြခဲ့တယ်၊ အခုလည်း တင်ပြနေတာပဲ။ နိုင်ငံရေး ဆွေးနွေးရအောင်ဆိုတဲ့ဟာကို ဦးအောင်မင်းက ဆွေးနွေးပါ့မယ်ဆိုတဲ့ ကတိတခုရလို့ ၀မ်းသာပါတယ်။ နိုင်ငံရေးဆက်ဆွေးနွေးဖို့ ကျနော်တို့ ထပ်ပြီး ကြိုဆိုဖို့ပဲ ရှိပါတော့တယ်။ ”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
နိုင်ငံရေးဆွေးနွေးရန် ကေအိုင်အို၏ တောင်းဆိုချက် အစိုးရလိုက်လျော