DVB Logo
Home
မြန်မာသတင်း
ကေအန်ပီပီနှင့်အစိုးရ လွိုင်ကော်တွင် တွေ့ဆုံဆွေးနွေးမည်
DVB
·
April 30, 2019
ကေအန်ပီပီနှင့်အစိုးရ လွိုင်ကော်တွင် တွေ့ဆုံဆွေးနွေးမည်
Donate to DVB

ကယားပြည်နယ်အစိုးရအပါအ၀င် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (အန်အာပီစီ)နဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) တို့ လာမယ့် မေလ ၆ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။

ဒီတွေ့ဆုံပွဲကို ကယားပြည်နယ်မြို့တော် လွိုင်ကော်မြို့မှာတွေ့ဆုံဖို့ စီစဉ်ထားပြီး ပြည်နယ်အစိုးရနဲ့ ကေအန်ပီပီအကြား ရပ်ဆိုင်းနေတဲ့ နှစ်ဖက်တွေ့ဆုံမှုတွေအပါအ၀င် နှစ်ဖက်အကြားချုပ်ဆိုခဲ့တဲ့ သဘောတူညီချက်တွေ ကိစ္စတွေကိုလည်း ဆွေးနွေးဖို့ရှိတယ်လို့  ကေအန်ပီပီ အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က ပြောပါတယ်။

   “တပ်နေရာချထားရေး၊ အသွားအလာကိစ္စတွေ နည်းနည်း အဲဒီအစည်းအဝေးမှာ ညှိမယ်။ တဆင့်တဆင့်သွားရမှာလေ။ ဒီအစည်းအဝေးမှာ အရင်ညှိပြီး ဘယ်သူနဲ့ တွေ့မယ်၊ ဘယ်လို ဆက်လုပ်ရမလဲ ဒီလိုတွေလာမှာပေါ့။ ”

၂၀၁၈ခုနှစ် ဧပြီ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေမှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ကေအန်ပီပီ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပြည်နယ်အစိုးရအဖွဲ့နဲ့ ကေအန်ပီပီအဖွဲ့ကိုယ်စားလှယ်တို့ တလတကြိမ်တွေ့ဆုံဆွေးနွေးဖို့ သဘောတူညီခဲ့ပါတယ်။

ပုံမှန် တလတကြိမ်တွေ့ဆုံဆွေးနွေးမှုကို အောက်တိုဘာလအထိ ၆ ကြိမ် ဆွေးနွေးခဲ့ပြီး  ၂၀၁၈ ခုနှစ် နိုဝင်ဘာလကစပြီး ပြည်နယ်အစိုးရအဖွဲ့နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့၊ လစဉ်တွေ့ဆုံနိုင်ခြင်းမရှိခဲ့ပဲ ရပ်တန့် နေခဲ့တာပါ။

လာမယ့် မေလ ၆ ရက်နေ့တွေ့ဆုံပွဲမှာ  ညှိနှိုင်းဆွေးနွေးကြမယ့် ကိစ္စတွေနဲ့ ပတ်သက်ပြီး လည်း ကေအန်ပီပီ အရန်ဗဟိုကော်မီတီဝင် တာဂေချိုင်းက ပြောပါတယ်။

“တွေ့ဆုံဆွေးနွေးမှု အခင်းအကျင်းက ကျနော်တို့က သူတို့အစိုးရရုံးမှာပဲ မြဲတမ်း သွားတွေ့နေရတယ်။ ဆိုတော့ သူတို့ရဲ့ အစီအမံနဲ့ သွားရတဲ့အနေအထားမှာရှိတာပေါ့နော်။ အစီအစဉ်ကိစ္စပဲဖြစ်ဖြစ်၊ နေရာထိုင်ခင်းကိစ္စပဲဖြစ်ဖြစ်ပေါ့နော်။ ဆိုတော့ ကျနော်တို့ကြားမှာ ညှိနှိုင်းမှုတွေ သိပ်မရှိဘူး။ အားနည်းချက်တွေ ရှိတယ်ပေါ့နော်။ ဆိုတော့ ကျနော်တို့က အစည်းအဝေးပုံစံကို နည်းနည်း မျှတတဲ့ အစည်းအဝေးသဏ္ဍာန်လေးလို ချင်တယ်ပေါ့နော်။ အဲဒါမှပဲ တွေ့ဆုံညှိနှိုင်းမှုက ရှေ့ဆက်သွားလို့ရမယ်ပေါ့။ ဆိုတော့ ဒါကို အဓိက ရည်ရွယ်ပြီးမှ ဒီအစည်းအဝေးကို လုပ်ရခြင်းဖြစ်တာပေါ့နော်။”

ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့လည်း ကေအန်ပီပီအနေနဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးကော်မီတီသစ်ကို ဒု-ဥက္ကဌ ခူးဦးရယ် ခေါင်းဆောင်တဲ့ ကော်မီတီဝင် ၉ ဦးကို တိုးချဲ့ ဖွဲ့စည်းထားပြီး လာမယ့်အစည်းအဝေးမှာ မိတ်ဆက်ပေးဖို့ ရှိပါတယ်။

တနိုင်ငံလုံပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးစာချုပ် (အန်စီအေ) မှာပါဝင်နိုင်ဖို့ ကတော့ လတ်တလော အခြေအနေရ ဆက်ပြီး ညှိနှိုင်းရဦးမယ်လို့ ကေအန်ပီပီ အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က ပြောပါတယ်။

ဒီလိုအန်စီအေကိစ္စ ညှိနှိုင်းနေဆဲကာလအချိန်မှာ ကေအန်ပီပီထိန်းချုပ်ဒေသ ဖားဆောင်းနဲ့  မော်ချီးဒေသတွေမှာတော့ အစိုးရတပ်ဘက်က စစ်ရေးလှုပ်ရှားမှုတွေ ရှိနေလို့ ဒေသခံတွေက တိုက်ပွဲပြန်ဖြစ်ပွားမှာကို စိုးရိမ်နေပါတယ်။

ကေအန်ပီပီဟာ အစိုးရနဲ့  ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ၂၀၁၂ ဇွန် ၉ ရက်မှာ တကြိမ်၊ ၂၀၁၃ ဇွန် ၂၀ ရက်က တကြိမ် လက်မှတ်ရေးထိုးခဲ့ပါတယ်။ ကေအန်ပီပီကို ၁၉၅၇ မေလ ၂ ရက်မှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အစိုးရနဲ့ အန်စီအေ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013