
ရွေးကောက်ပွဲမတိုင်မီ ၇ လအလို ပြင်သစ်အစိုးရအနေနဲ့ ၂၀၂၇ ခုနှစ်အတွက် ဘတ်ဂျက် မူကြမ်း မထုတ်ပြန်မီ ၂ ရက်အလိုမှာ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နဲ့ သူ့ရဲ့ အစိုးရအဖွဲ့တို့ အပေါ် လူထုထောက်ခံမှု အလွန်နည်းပါးနေတယ်လို့ လူထုသဘောထား စစ်တမ်းတွေက တသမတ်တည်း ဖော်ပြနေပါတယ်။
နွေရာသီကာလအတွင်း နိုင်ငံထဲမှာဖြစ်ခဲ့တဲ့ တောမီးလောင်ကျွမ်းမှု အကြီးစားတွေကို ငြှိမ်းသတ်ဖို့ အစိုးရက လုံလောက်တဲ့ အရင်းအမြစ်တွေ ချထားမပေးခဲ့တာကို မီးသတ်တပ်ဖွဲ့ဝင်တွေက ဝေဖန် ပြစ်တင်ခဲ့ကြပါတယ်။
အသုံးစရိတ် ယူရို ၂ ဘီလီယံလောက် သက်သာစေဖို့ ရည်ရွယ်ချက်နဲ့ ၂၀၂၇ ခုနှစ်မှာ နိုင်ငံ့ဝန်ထမ်း တွေရဲ့ အခြေခံလစာတွေကို မတိုးပေးဘဲ ရပ်ထားဖို့ အစိုးရက အဆိုပြုထားပါတယ်။
လစာတိုးမြှင့်မှု ရပ်ထားတာ ၄ နှစ်ဆက်တိုက် ရှိလာပြီဖြစ်ပြီး သမ္မတ မက်ခရွန်ရဲ့ သက်တမ်းအ တွင်း ရှစ်ကြိမ်မြောက် ဖြစ်လာမယ်လို့ အလုပ်သမားသမဂ္ဂတွေက ပြောပါတယ်။
လစာတိုးမြှင့်မှု ရပ်တန့်ထားလို့ ဝယ်နိုင်စွမ်းက ဆယ်ဂဏန်း ရာခိုင်နှုန်းအထိ ကျဆင်းသွား ခဲ့ရတယ် လို့ သမဂ္ဂတွေက ထောက်ပြ ပြောဆိုကြပါတယ်။
ဘတ်ဂျက်မှာ ယူရို ၅၄ ဘီလီယံလောက် သက်သာစေမဲ့ အစီအစဉ်တခုကို အစိုးရက ရေးဆွဲ ထားတယ်လို့ ဝန်ကြီးချုပ် ဆီဘက်စတီယန် လီကော်နူးက အခုလထဲမှာ ပြောခဲ့ပါတယ်။
အခုနှစ်ထဲမှာ ပြင်သစ်နိုင်ငံမှာ စီးပွားရေးတိုးတက်မှုနှုန်းက မျှော်မှန်းထားတာထက် လျော့နေမှာ ဖြစ်လို့ ဘဏ္ဍာရေးလိုငွေပြမှုနှုန်း ထိန်းမနိုင်သိမ်းမရ ဖြစ်လာတာကို တားဆီးဖို့ အားထုတ်မှုတွေကို ရှုပ်ထွေးစေခဲ့ပါတယ်။
Source: Reuters










