DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူတိုက်ပွဲကြောင့် စစ်ရှောင် ၅၀,၀၀၀ ခန့် အရေးပေါ်အကူအညီလိုအပ်
DVB
·
May 22, 2026
ကျောက်ဖြူဒေသခံ စစ်ဘေးရှောင်များ။ (Photo: ရမ္မာမြီပရဟိတ)
ကျောက်ဖြူဒေသခံ စစ်ဘေးရှောင်များ။ (Photo: ရမ္မာမြီပရဟိတ)
Donate to DVB

အာရက္ခတပ်တော် (AA) နဲ့ စစ်အာဏာရှင်တပ်တွေ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ စစ်ဘေးရှောင် ၅၀,၀၀၀ လောက် ထွက်ပြေးနေရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

AA တပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ကျောက်ဖြူမြို့နယ်ထဲက မြို့နယ်ခွဲဖြစ်တဲ့ စနဲမြို့မှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

စနဲမြို့ဟာ ကျောက်ဖြူမြို့ရဲ့ အရှေ့တောင်ဘက် ၂၈ မိုင်အကွာမှာရှိတဲ့ တိုက်နယ်အဆင့် မြို့နယ်ခွဲဖြစ်ပြီး ရန်ကုန်-ကျောက်ဖြူ ကားလမ်းပေါ်မှာ ရှိတာပါ။

စနဲမြို့အနီးမှာတော့ စစ်တပ်ရဲ့ အရေးပါတဲ့ ကျောက်ဖြူရေတပ်စခန်း (တောင်မော်ဦး) တည်ရှိပြီး အဲဒီရေတပ်စခန်းအနီးမှာ တိုက်ပွဲတွေ ဒီလဆန်းပိုင်းကစပြီး ပြင်းထန်လာတာပါ။

တိုက်ပွဲကြောင့် စနဲမြို့ပေါ် ရပ်ကွက် ၅ ခုက ဒေသခံတွေအပြင် အနီးတဝိုက်က ကျေးရွာပေါင်း ၁၄ ရွာလောက်က သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ AA သိမ်းထားတဲ့ ရမ်းဗြဲကျွန်းနဲ့ တောင်ကုတ်မြို့နယ်တွေဘက်ကို စစ်ဘေးရှောင်ကြရပါတယ်။

စစ်အာဏာရှင်တပ်ရဲ့ စစ်သင်္ဘောနဲ့ ဒရုန်းတွေဟာ စနဲမြို့က ကျေးရွာတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒေသခံတွေရဲ့ နေအိမ်ပေါင်း ရာနဲ့ချီ မီးလောင်ပြာကျသွားတဲ့အပြင် ဒေသခံတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ စစ်ရှောင်တွေကို ကူညီနေတဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တချို့က ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ စစ်ဘေးရှောင် ၅၀,၀၀၀ နီးပါးရှိပြီး အဲဒီအထဲမှာ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ထိခိုက်ဒဏ်ရာရထားသူတွေနဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်ကာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ လည်းပြောပါတယ်။

ကျောက်ဖြူစစ်ဘေးရှောင်တွေကို ကူညီနေသူတယောက်က “စစ်တပ်က စစ်သင်္ဘောတွေကနေ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ဆက်တိုက်ပစ်လို့ ရွာတွေ မီးလောင်သွားပြီး အတော်များများ အိုးမဲ့အိမ်မဲ့ ဖြစ်ကုန်တယ်။ အကုန်လုံးက အဝတ်တထည် ကိုယ်တခုနဲ့ ပြေးလာကြတယ်။ အသက်လုပြီး တောထဲတောင်ထဲ ဖြတ်သန်းနေကြရတဲ့ အခြေအနေပါ။ မိုးက ဒီရက်ပိုင်း သည်းနေတော့ ပိုခက်ခဲတယ်” လို့ ပြောပါတယ်။

စစ်ရှောင်တွေအတွက် အမိုးအကာနဲ့ နေရာထိုင်ခင်းအတွက် မိုးကာလိပ်တွေ၊ တာပေါ်လင်စတွေ လိုအပ်ပြီး အခြေခံ စားသောက်ကုန်နဲ့ အရေးပေါ် ဆေးဝါး၊ သောက်ရေသန့်တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း အပါအဝင် တရုတ်နိုင်ငံရဲ့ စီမံကိန်းရှိတဲ့ ကျောက်ဖြူမြို့နယ်ရဲ့ ကုန်းတွင်းပိုင်း နေရာတချို့ကို AA တပ်တွေ ထိန်းချုပ်ထားပြီး အခုတခါ ကျောက်ဖြူမြို့ဘက်ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။

စစ်အာဏာရှင်တပ်ဘက်ကလည်း ကျောက်ဖြူမြို့နယ်အတွင်းက သူတို့ရဲ့ တပ်စခန်းတွေကို အင်အားအလုံးအရင်း ပြန်ဖြည့်တင်းနေပြီး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ စစ်တွေမြို့ပေါ်၊ ကျောက်ဖြူမြို့ပေါ်နဲ့ ပင်လယ်အတွင်းက ကျွန်းမြို့ဖြစ်တဲ့ မာန်အောင်တို့ကလွဲရင် တပြည်နယ်လုံးကို AA က သိမ်းပိုက်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013