DVB Logo
Home
Lead Story
လျှပ်စစ်မီးဒုက္ခ လွှတ်တော်ထဲမှာ အဖြေရှာ (အယ်ဒီတာအာဘော်)
DVB
·
April 29, 2019
လျှပ်စစ်မီးဒုက္ခ လွှတ်တော်ထဲမှာ အဖြေရှာ (အယ်ဒီတာအာဘော်)
Donate to DVB

သင်္ကြန်မတိုင်ခင်ကတည်းက ရပ်နားထားခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးများကို ဧပြီ ၂၉ ရက်မနက်တွင် ပြန်လည်ခေါ်ယူ စတင်ကျင်းပသည်။

ပြန်လည်စတင်လိုက်သည့် ပြည်သူ့လွှတ်တော်တွင် ပြည်သူ့အသံ လွှတ်တော်အသံဟု ဆိုရမည့် မေးခွန်းတခု လွှတ်တော်စစချင်း အချိန်ကိုက်တက်လာသည်။

ရန်ကုန်တိုင်း၊ ကျောက်တံတား မဲဆန္ဒနယ်က လွှတ်တော်အမတ် ဦးနေမျိုးထက်က လွှတ်တော်စသည်နှင့် နိုင်ငံတဝန်း ပြည်သူများ ခံစားနေရသည့် မီးမလာ၊ ရေပြတ် ပြဿနာကို သက်ဆိုင်ရာ ဝန်ကြီးဌာနထံ မေးခွန်းထုတ်လိုက်ခြင်းပင် ဖြစ်သည်။

မေးခွန်းက “၂၀၁၉ ခုနှစ် နွေရာသီကာလဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလတို့တွင် မြန်မာနိုင်ငံ၌ လျှပ်စစ်သုံးစွဲမှုမဂ္ဂါဝပ် (MW) မည်မျှရှိမည်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ခန့်မှန်းတွက်ချက်ထားမှု အခြေအနေနှင့် လျှပ်စစ်ပြတ်တောက်မှု မရှိစေရန် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားသည်တို့ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း” ဖြစ်သည်။

မကြာခဏ System Break Down သည့် ကိစ္စကိုလည်း လွှတ်တော်ကိုယ်စားလှယ်က မပျက်မကွက် ထည့်သွင်းမေးသွားသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဌာနအနေဖြင့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ဘယ်ရွှေ့ဘယ်မျှကို အပူစွမ်းအင်သုံးပြီး ဘယ်လောက်ထုတ်ပေးသည်။ ရေအားလျှပ်စစ်ကနေ လျှပ်စစ်ဓာတ်အား ဘယ်လောက်အထိ တိုးမြှင့်ထုတ်ပေးထားသည်။ လျှပ်စစ်ဓာတ်အား သုံးစွဲမှုများ မဂ္ဂါဝပ် ၃၆၀၀ ကျော်အထိ တိုးတက်လာသော်လည်း တဖက်တွင် ရေအားလျှပ်စစ် ထုတ်လုပ်မှုအပိုင်းတွင် လျော့နည်းခဲ့သည်။ ဆည်တမံများတွင် စုဆောင်းထားသည့်ရေများကို စိုက်ပျိုးရန် တောင်းဆိုမှုကြောင့် ထုတ်ပေးခဲ့ရပြီး ယခု လိုအပ်ချိန်တွင် ရေမလုံလောက်မှုပြဿနာ ကြုံရသည်ဟုလည်း လျှပ်စစ်ဒုဝန်ကြီးက လွှတ်တော်တွင် ဖြေကြားသွားသည်။

System Break Down တကြိမ်တခါသာဖြစ်ပေါ်ခဲ့ပြီး ကျန်အချိန်များ မီးပျက်ရခြင်းသည် လက်နက်ကြီးကျည်များ ကျရောက်မှုကြောင့် ဓာတ်အားလိုင်းများပျက်စီးခြင်း၊ တောမီးရှို့မှုကြောင့် ဓာတ်အားလိုင်းများ ပြတ်တောက်ခြင်းကြောင့်ဖြစ်သည်ဟု လွှတ်တော်တွင် ဖြေကြားသည်။

နှစ်တိုင်းဖြစ်ပေါ်နေသည့် နွေရာသီ မီးပျက်သည့်ပြဿနာကို ရေရှည်တွင် မည်သို့မည်ပုံ ကိုင်တွယ်လုပ်ဆောင်မည်နည်းဟုလည်း မေးခွန်းမေးသူက ထပ်ဆင့် မေးခွန်းထုတ်သွားသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ရေအားလျှပ်စစ်စက်ရုံများ တည်ဆောက်ရန် လွှတ်တော်၌ ဘတ်ဂျက်တောင်းလျှင် ဖြတ်တောက်ခံရသည့်အတွက် လျှပ်စစ်ဓာတ်အားကို ပိုမိုတိုးတက် ထုတ်လုပ်နိုင်ခြင်း မရှိသဖြင့် ဘတ်ဂျက်မဖြတ်ရန် ဒုဝန်ကြီးက လွှတ်တော်ထံ တောင်းဆိုသွားသည်။

လျှပ်စစ်မီးပြဿနာ ဝန်ကြီးဌာနနှင့် လွှတ်တော်အကြား ဂျာအေး သူ့အမေရိုက်သည့် ပမာဖြစ်ပြီး လတ်တလောတွင် လျှပ်စစ်မီးပျက်သည့်ဒဏ်ကို ပြည်သူများ အလူးအလဲ ခံစားနေရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကတော့ “လျှပ်စစ်ဓာတ်အားသည် မိမိတို့နိုင်ငံတစ်နိုင်ငံလုံးအတွက် လိုအပ်ချက်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အား ရရှိမှုမှာ တနိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းပင် မပြည့်သေးပါကြောင်း၊ သို့သော် ယခုနှစ် မကုန်မီ ၅၀ ရာခိုင်နှုန်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဟု မိမိတို့ မျှော်လင့်ပါကြောင်း။” ဧပြီလ ၄ ရက်က မွန်ပြည်နယ် သံဖြူဇရပ် ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

ယခု လွှတ်တော်တွင်း ပြောဆိုဆွေးနွေးချက်များအရ နောင်နှစ်ခါတွင်လည်း လျှပ်စစ်မီးပြဿနာ အလားတူအဖြစ်မျိုး ကြုံတွေ့ကြရဦးမည့် အလားအလာရှိသည်။

မည်သို့ပင်ဆိုစေ ပြည်သူ့အသံ လွှတ်တော်အသံဟု ကြွေးကြော်ထားသလို ပြန်လည်စတင်ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် လျှပ်စစ်မီးပြတ်သည့်ကိစ္စ ပြောဆို ဆွေးနွေးကြသည်ကို ကြိုဆိုရင်း လျှပ်စစ်မီးမှန်မှန်လာရန် ဆုတောင်းလိုက်ရပေသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013