
ရခိုင်ပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ ပလက်ဝဒေသတွေမှာ စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းနဲ့ ရေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတာကြောင့် ဇူလိုင်လကနေ ဩဂုတ်လအတွင်း အရပ်သား ဒါဇင်နဲ့ချီ သေဆုံး၊ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အထူးသဖြင့် သံတွဲ၊ ဂွ၊ တောင်ကုတ် စတဲ့ မြို့နယ်တွေအပြင် ရသေ့တောင်၊ ပုဏ္ဏားကျွန်းနဲ့ ချင်းပြည်တောင်ပိုင်းက ပလက်ဝဒေသကိုပါ ဗုံးကြဲနေတာလို့ အာရက္ခတပ်တော် (AA) ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သြဂုတ် ၁၀ ရက်က သံတွဲမြို့ ကျောက်ကြီးရွာကို ပေါင် ၃၀၀ ဗုံး ၃ လုံးကြဲချခဲ့လို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ၁၆ ယောက် သေဆုံးပြီး ၁၈ ယောက် ဒဏ်ရာရခဲ့သလို၊ သြဂုတ် ၂၄ ရက်ကလည်း ပလက်ဝမြို့နယ် စိမ်းညှင်းဝကျေးရွာကို ဗုံးကြဲတာကြောင့် ၅ ယောက် သေဆုံးခဲ့ရပါတယ်။
လေကြောင်းသာမက ရေတပ်ကပါ ပစ်ခတ်မှုတွေရှိနေတဲ့ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ရခိုင်ဒေသခံ စစ်ရှောင်ကူညီနေသူ စာရေးဆရာဝေဟင်အောင်က “အဓိကကတော့ သူတို့က နံပါတ်တစ် ဒီ ဧရာဝတီတိုင်းဘက် စစ်မျက်နှာပြင်ကို ဗျာများစေချင်တဲ့အပိုင်း ပါတယ်လို့ မြင်တယ်ဗျ။ နောက်တပိုင်းက သူတို့ကနေပြီးတော့ ဒီ တောင်ကုတ်ရယ်၊ ပြီးတော့ ဒီ သံတွဲ၊ ဂွ ဘက်ကိုကျရင် သူတို့က ပြန်လိုချင်တယ်။ သတင်းတွေမှာလည်း တွေ့ရမှာပါ။ ရေတပ်ကနေပြီးတော့ ကမ်းတက်ဖို့ ကြိုးစားတာတို့၊ ပြီးတော့ စစ်အင်အားတွေ အလွန်အကျွံချပြီးတော့ စစ်ကြောင်းပြန်ထိုးတာတို့ အလုပ်ကို သူတို့က တောက်လျှောက်လုပ်နေတဲ့အချိန်မှာ နောက်ကနေ လာပြီးတော့ အနှောင့်အယှက်ပေးတဲ့ ပုံစံမျိုးလည်း ဖြစ်တယ်ဗျ”လို့ ပြောပါတယ်။
ဒေသခံတွေ သုံးသပ်သလိုပဲ စစ်အာဏာရှင်တပ်ဟာ သူတို့ လက်လွှတ်လိုက်ရတဲ့ မြို့တွေကို ပြန်လည်ရယူနိုင်ဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။
ဒါပေမဲ့ ပစ်မှတ်တွေဟာ စစ်ရေးပစ်မှတ်တွေထက် စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ အရပ်သား ပြည်သူတွေ နေထိုင်ရာ ရပ်ကွက်ကျေးရွာတွေဆီ ဦးတည်နေတာပါ။
ဇူလိုင် ၁၉ ရက်က တောင်ကုတ်၊ သံတွဲနဲ့ ပုဏ္ဏားကျွန်းကို ဗုံးကြဲတိုက်ခိုက်မှုတွေအတွင်း သံဃာတော်တွေနဲ့ ကလေးငယ်တွေ အပါအဝင် ၅ ယောက် သေဆုံးပြီး ၂၉ ယောက်အထိ ဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် သြဂုတ် ၂၂ ရက်က ငပလီမှာဆိုရင် လေယာဉ် ၁၀ စင်းနဲ့ ဗုံးအလုံး ၁၀၀ လောက်အထိ အပြင်းအထန် ကြဲချခဲ့ပါတယ်။
မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI ပြောခွင့်ရသူ ကိုနောင်ရိုးက “လက်ရှိ ရခိုင်ပြည်တောင်ပိုင်း ဂွတို့၊ သံတွဲတို့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေသည် နံပါတ်တစ် ကျနော်တို့ ဒီ ဧရာဝတီတိုင်းအစပ်က စစ်ရေးတိုက်ပွဲ အရှိန်အဟုန်တွေ အတက်အကျတွေနဲ့လည်း ဆက်စပ်နိုင်သလို၊ ပြီးတော့ နောက်ထပ် လေကြောင်းဖိအားပေး ဗုံးကြဲတိုက်ခိုက်တဲ့ အခြေအနေတွေလည်း ရှိနိုင်တယ်လို့ ကျနော်တို့ ယူဆပါတယ်ဗျ။ နောက်တခုကတော့ စစ်တွေနဲ့ ကျောက်ဖြူဘက်မှာ အာရက္ခတပ်တော်အနေနဲ့က. ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်။ လုပ်ဆောင်နေတယ် ဆိုတဲ့အပေါ်မှာလည်း တန်ပြန်စစ်ရေးဖိအားပေးနိုင်ဖို့ သူတို့ရဲ့အုပ်ချုပ်မှုအထိုင် နောက်တန်းနေရာတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေလည်း ရှိနိုင်တယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်ဗျ။ နောက်တခုကတော့ သူတို့ တန်ပြန်စစ်ရေးဖော်ဆောင်နိုင်ဖို့အတွက်လည်း ပြင်ဆင်နေတာရှိတယ်လို့လည်း ယူဆသုံးသပ်တယ်”လို့ ပြောပါတယ်။
ဇူလိုင် ၈ ရက်ကနေ ဩဂုတ် ၂၅ ရက်အထိ ၄၉ ရက်အတွင်း AA ရဲ့ ထုတ်ပြန်ချက်တွေကို DVB က စုစည်းရသလောက် ရခိုင်နဲ့ ပလက်ဝဒေသက အရပ်သားပြည်သူ ၅၀ အထိ သေဆုံးခဲ့ရသလို ၁၄၀ ယောက် ဒဏ်ရာရခဲ့ပါတယ်။
စစ်ရေးအကဲခတ်တွေရဲ့ သုံးသပ်ချက်အရ စစ်အာဏာရှင်တပ်ဟာ စစ်တွေနဲ့ ကျောက်ဖြူလို မြို့ကြီးတွေကို ကာကွယ်ဖို့နဲ့ AA ရဲ့ အုပ်ချုပ်ရေးယန္တရားတွေကို နှောင့်ယှက်ဖို့ လေကြောင်းကို အဓိကထား အသုံးပြုနေတာ ဖြစ်ပါတယ်။
လက်ရှိ မြေပြင်အခြေအနေမှာတော့ အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲ၊ ငပလီနဲ့ ဂွမြို့နယ်တွေကို ကျော်လွန်ပြီး ဧရာဝတီတိုင်း ရေကြည်မြို့နယ်ထဲက ပွိုင့်ကုန်းတွေကိုပါ သိမ်းပိုက်ရယူထားကာ စစ်ရေးအရ ဆက်လက် ဖိအားပေးနေပါတယ်။
ဒါပေမဲ့လည်း စစ်အာဏာရှင်တပ်ရဲ့ လေကြောင်း တုံ့ပြန်မှုတွေကြောင့် မြေပြင်တိုက်ပွဲတွေကြားက အပြစ်မဲ့ရခိုင်ပြည်သူတွေရဲ့ သွေးထွက်သံယိုမှုတွေကတော့ နေ့စဉ်နဲ့အမျှ ဆက်လက် မြင့်တက်နေဆဲ ဖြစ်ပါတယ်။











