DVB Logo
Home
နိုင်ငံတကာ
သမိုင်းဝင် “SS United States” သင်္ဘောကြီးအား အကြီးဆုံးသန္တာကျောက်တန်းအဖြစ် ပြောင်းလဲ
DVB
·
November 12, 2026
Photo:Reuters
Photo:Reuters
Donate to DVB

တချိန်က တိုက်တန်းနစ်ထက်တောင် ရှည်လျားပြီး ကမ္ဘာ့အမြန်ဆုံးဖြစ်ခဲ့တဲ့ “SS United States” အမည်ရ သင်္ဘောကြီးတစင်းကို ဖလော်ရီဒါ ကမ်းလွန်ပင်လယ်ပြင်မှာ ရည်ရွယ်ချက်ရှိရှိ နစ်မြုပ်စေ ခဲ့ပါတယ်။

အနှစ် ၃၀ နီးပါး ဖီလာဒဲလ်ဖီးယားမြို့မှာ ဆိုက်ကပ်ထားခဲ့ပြီးနောက် ဖလော်ရီဒါပြည်နယ်ကို ရောက်လာတဲ့ သမုဒ္ဒရာဖြတ်သင်္ဘောကြီးက လူတွေဖန်တီးထားတဲ့ ကမ္ဘာ့အကြီးမားဆုံး သန္တာကျောက်တန်းအဖြစ် ပြောင်းလဲသွားမှာပါ။

အဲဒီနောက် ပင်လယ်သတ္တဝါတွေရဲ့ နေထိုင်စရာ ဖြစ်လာနိုင်သလို ရေအောက်ကမ္ဘာ စိတ်ပါဝင်စားသူ တွေ လာရောက်လေ့လာနိုင်တဲ့ နေရာတခုလည်း ဖြစ်နိုင်ပါတယ်။

အတ္တလန္တိတ်သမုဒ္ဒရာကို အကြိမ်ပေါင်းရာနဲ့ချီအောင် ဖြတ်သန်းခုတ်မောင်းခဲ့ဖူးတဲ့ ဒီသမိုင်းဝင် သင်္ဘောကြီးက ပြတိုက်တခုဖြစ်လာဖို့ ဒါမှမဟုတ် ရေပေါ်ဟိုတယ်အဖြစ် ထိန်းသိမ်းထားပေးဖို့ အဆိုပြုခဲ့ကြပေမဲ့လည်း အောင်မြင်ခဲ့ခြင်းတော့ မရှိပါဘူး။

အဲဒီအစား ဖလော်ရီဒါအုပ်ချုပ်ရေးအဖွဲ့ကပဲ သင်္ဘောကြီးကို ဝယ်ယူခဲ့တဲ့အပြင် ရေအောက်မှာ ရှိထားပြီးသား လူလုပ်သန္တာကျောက်တန်းတွေထဲ ထပ်ပေါင်းထည့်ကာ အသေးစိတ် သမိုင်းကြောင်း ပြသသွားမဲ့ ပြတိုက်တခုပါ ကုန်းမြေပေါ်မှာ တည်ဆောက်ဖို့ ရှိနေပါတယ်။

ဒါ့အပြင် ၁၉၅၂ ကနေ ၁၉၆၉ ခုနှစ်အထိ အမေရိကန်နဲ့ ဥရောပကို ခေါက်တုံ့ခေါက်ပြန် ပြေးဆွဲပေးခဲ့တဲ့ သင်္ဘောကြီးပေါ်မှာ နာမည်ကြီးအနုပညာရှင်တွေနဲ့ တော်ဝင်မိသားစုတွေအထိ လိုက်ပါစီးနင်းခဲ့ဖူးပါတယ်။

အဲဒီထဲမှာ ဂန္ထဝင်တွေဖြစ်ကြတဲ့ ရုပ်ရှင်မင်းသားကြီး မာလွန်ဘရန်ဒို၊ အန်နီမေးရှင်း ကာတွန်း ဖန်တီးသူ ဝေါ့လ်တ် ဒစ္စနီနဲ့ Chanel အမှတ်တံဆပ် တည်ထောင်သူ ကိုကိုး ရှန်နယ် အပါအဝင် ဟယ်ရီ ထရူးမန်း၊ ဒွိုက် အိုင်ဆင်ဟောင်ဝါ၊ ဂျွန်အက်ဖ် ကနေဒီနဲ့ ဘီလ် ကလင်တန် လိုမျိုး အမေရိကန်သမ္မတဟောင်းတွေလည်း ပါဝင်ပါတယ်။

ဒါပေမဲ့လည်း မနှစ်တုန်းက သန့်ရှင်းရေးနဲ့ လိုအပ်တာတွေ ပြင်ဆင်ဖို့အတွက် သင်္ဘောကြီးကို အလာဘားမားပြည်နယ်ဆီ အရင်ရွှေ့ထားခဲ့တာ ဖြစ်ပါတယ်။

သင်္ဘောကို ရေအောက် မနှစ်မြှုပ်ခင်မှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တဲ့ ပစ္စည်းအားလုံးကို ဖယ်ရှားရှင်းလင်းပြီး ဖြစ်တယ်လို့ ခရိုင်ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ရေအောက်ကို နစ်မြုပ်သွားတဲ့အခါ သင်္ဘောကြီး တည့်တည့်မတ်မတ် ကျရောက်စေဖို့နဲ့ ပင်လယ်ကြမ်းပြင်မှာ အထိုင်ကျသွားပြီးနောက် ရေနေသတ္တဝါတွေ လွတ်လွတ်လပ်လပ် ဝင်ထွက် သွားလာနိုင်စေဖို့အတွက် SS United States ရဲ့ သင်္ဘောကိုယ်ထည်မှာ အပေါက်တွေကို “စနစ်တကျ တွက်ချက်ဖောက်လုပ်” ထားတယ်လို့ ခရိုင်တာဝန်ရှိသူတွေက ပြောပါတယ်။

နိုဝင်ဘာ ၁၁ ရက် အရောက်မှာတော့ “SS United States” ရဲ့ နောက်ဆုံးခရီးစဉ်အဖြစ် အလာဘားမားကနေ ဖလော်ရီဒါရဲ့ ဒက်စတင်ကမ်းရိုးတန်းကို ခုတ်မောင်းလာခဲ့အပြီး ဖောက်ခွဲရေး ပစ္စည်းတွေမပါဘဲ အလွန်တိကျဖို့ လိုအပ်တဲ့ လုပ်ငန်းစဉ်နဲ့ သင်္ဘောကြီးကို နှစ်မြှုပ်ခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013