DVB Logo
Home
မြန်မာသတင်း
၀မ္ဘီယာ ထိန်းသိမ်းခံရစဉ် ကျန်းမာရေးကုန်ကျစရိတ် ဒေါ်လာ ၂ သန်း မြောက်ကိုရီးယားကို ပြန်ပေးရန် ထရမ့်ခွင့်ပြု
DVB
·
April 26, 2019
ဝမ်ဘီယာ ထိန်းသိမ်းခံရစဉ် ကျန်းမာရေးကုန်ကျစရိတ် ဒေါ်လာ ၂ သန်း မြောက်ကိုရီးယားကို ပြန်ပေးရန် ထရမ့်ခွင့်ပြု
Donate to DVB

မြောက်ကိုရီးယားအကျဉ်းထောင်မှာ ထိန်းသိမ်းခံရချိန် အမေရိကန်ကျောင်းသား အော်တိုဝမ်ဘီယာအတွက် ကုန်ကျတဲ့ ကျန်းမာရေးစရိတ် အမေရိကန်ဒေါ်လာ ၂ သန်းကို မြောက်ကိုရီးယားကို ပြန်ပေးဖို့ သမ္မတ ဒေါ်နယ်ထရန့်က ခွင့်ပြုပေးခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် အော်တိုဝမ်ဘီယာဟာ မြောက်ကိုရီးယားကို အလည်အပတ်သွားရင်း ၂၀၁၆ ခုနှစ်က ဖမ်းခံခဲ့ရတာပါ။ သူဟာ မြောက်ကိုရီးယား အကျဥ်းထောင်ထဲမှာ ၁၇ လကြာ နေခဲ့ရပြီး ၂၀၁၇ ဇွန်လက ကိုမာရောဂါခံစားနေရတဲ့ အခြေအနေနဲ့ အမေရိကန်ကို ပြန်လာခဲ့ပါတယ်။ အမေရိကန်ကို ပြန်ရောက်လာပြီး ၆-ရက်အကြာမှာ အော်တိုဝမ်ဘီယာ သေဆုံးသွားခဲ့တာပါ။

၂၀၁၇ ဇွန်လ ၁၃ ရက်က အော်တိုဝမ်ဘီယာ မြောက်ကိုရီးယားကနေ အမေရိကန်ကို ပြန်ဖို့ နာရီပိုင်းအလိုမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အထူးကိုယ်စားလှယ် ဂျိုဆက်ယွန်ဟာ မြောက်ကိုရီးယားအစိုးရဆီက အဲဒီဘေလ်ရှင်းတမ်းစာရွက်ကို လက်ခံရရှိခဲ့တယ်လို့ The Post  သတင်းဌာနက ဖော်ပြပါတယ်။

ဂျိုဆက်ယွန်ဟာ ကုန်ကျစရိတ်တွေကို ပြန်ပေးဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့တယ်လို့ သတင်းရင်းမြစ်နှစ်ခုရဲ့ ပြောကြားချက်ကို ကိုးကားပြီး The Post  သတင်းဌာနက ဖော်ပြခဲ့တာပါ။

ဂျိုဆက်ယွန်က နှစ်နိုင်ငံ သံတမန်ရေးအရ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်မပေးဘူးလို့ ပြောခဲ့ပါတယ်။ အဲဒီကျန်းမာရေးစရိတ် ရှင်းတမ်းဟာ ဘဏ္ဍာရေးဌာနကို ရောက်လာခဲ့ပေမယ့် ၂၀၁၇ တနှစ်ပတ်လုံး ကုန်တဲ့အထိ ရှင်းမပေးခဲ့ပါဘူး။

အော်တိုဝမ်ဘီယာ သေဆုံးတဲ့ကိစ္စကြောင့် အဲဒီအချိန်က အမေရိကန်နဲ့ မြောက်ကိုရီးယားအကြား ဆက်ဆံရေးတင်းမာခဲ့ပြီး ဒီကိစ္စမှာ မြောက်ကိုရီးယားက တာဝန်ရှိတယ်လို့ သမ္မတ ထရမ့်က ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားအစိုးရက အော်တိုဝမ်ဘီယာကို သူတည်းတဲ့ ဟိုတယ်က ၀ါဒဖြန့်ပိုစတာတစ်ခုကို ခိုးဖို့ ကြိုးစားတဲ့ စွပ်စွဲချက်နဲ့ ဖမ်းပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့တာပါ။

ဝမ်ဘီယာဟာ အောက်ဆီဂျင် နည်းပြီး ဦးနှောက်ထဲ သွေးယိုစီးမှုကြောင့် သေဆုံးခဲ့တာလို့ သေမှုသေခင်း စစ်ဆေးရေး အရာရှိတယောက်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013