DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် ကလေးငယ်အချို့ အစာအဆိပ်သင့်ရသည့်အကြောင်း စစ်ဆေးရန် ဝန်ကြီးပြော
DVB
·
April 25, 2019
မုံရွာတွင် ကလေးငယ်အချို့ အစာအဆိပ်သင့်ရသည့်အကြောင်း စစ်ဆေးရန် ဝန်ကြီးပြော
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သလ္လာရပ်ကွက်၊ ပေ ၈၀ လမ်းဘေးက သလ္လာ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာမှာ ကလေးငယ်အချို့ အစာအဆိပ်သင့်ပြီး ဆေးရုံတင် ကုသရတာနဲ့ပတ်သက်ပြီး ဘာကြောင့်ဖြစ်ရတယ်ဆိုတာ စစ်ဆေးဖို့ လူမှုရေးဝန်ကြီးက ပြောပါတယ်။

ဧပြီ ၂၄ ရက်နေ့ ညဦးပိုင်းက အစာအဆိပ်သင့်တာကြောင့် ကလေးငယ် ၉ ဦး အော့အန်တာ၊ တချို့ သတိလစ်တာတွေ ဖြစ်ပေါ်ခဲ့လို့ ညတွင်းချင်း မုံရွာ ကုတင် ၂၀၀ ဆေးရုံကို အရေးပေါ်ပို့ဆောင် ဆေးကုသမှုခံယူခဲ့ရတာပါ။

ဆေးကုသမှုခံယူနေရတဲ့ ကလေးတွေကို တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းနဲ့ ဇနီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်အောင်၊ လူမှုဝန်ထမ်း ဦးစီးဌာနက တာဝန်ရှိသူတွေ၊ ကုတင် ၅၀၀ ဆေးရုံအုပ်ကြီးနဲ့ ဆရာဝန်တွေ သွားရောက်ကြည့်ရှု့ စစ်ဆေးကာ လက်ဆောင်ပစ္စည်းနဲ့ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့ပါတယ်။

"ဘာကြောင့် ဖြစ်ရတယ်ဆိုတာ တိတိကျကျသိအောင်လုပ်ပါ။ ကလေးတွေကို အရေးယူတာတွေ မလုပ်ကြနဲ့။ ကလေးတွေက ခိုကိုးရာမဲ့နေတာတွေ၊ ဘာဖြစ်ဖြစ် ဆက်သွယ်ပါ။ လိုအပ်ရင် ဂေဟာဖွဲ့စည်းပုံပါပြောင်းမယ်။ သတင်းတွေမှာ ဖော်ပြတဲ့အရဆိုရင် လုံးဝမဖြစ်သင့်ဘူး။ တော်တော်ဆိုးတယ်။ စစ်ဆေးပါ"လို့ လူမှုရေးဝန်ကြီးက မှာကြားခဲ့ပါတယ်။

လက်ရှိမှာ ဆေးကုသမှုခံယူနေသူ ၉ ဦးထဲမှာ ၂ ဦးပဲ ဆေးသွင်းနေတာရှိပြီး ကျန်တဲ့ ကလေးတွေကတော့ အားလုံး ပြန်ကောင်းလာပြီဖြစ်ပါတယ်။

"မနေ့ကစားတဲ့အထဲမှာ ပဲဒံပေါက်ရယ်၊ ချဉ်ဟင်းရယ်၊ ကြက်သားရယ်။ ကြက်သားက ၂ ရက်လောက်ရှိပြီ။ အဲဒါကို ပြန်ချက်ပြီးကျွေးတာ။ သိုးနေတယ်။ တချို့က ဒံပေါက်မစားဘူး။ တချို့က စားတယ်။ စားတဲ့သူဖြစ်တာ" လို့ ဂေဟာကို လွန်ခဲ့တဲ့ ၈ နှစ်လောက်ကတည်းက ရောက်ရှိခဲ့တဲ့ လူငယ်တဦးက ပြောပါတယ်။

အရင်က ဒါမျိုးဖြစ်တာ မရှိခဲ့ဖူးဘဲ ဂေဟာက လူမှုဝန်ထမ်း အသိအမှတ်ပြု ဂေဟာလည်း ဖြစ်ပါတယ်။ ယောက်ျားလေးသီးသန့်သာ လက်ခံတာဖြစ်ပြီး လက်ရှိမှာ ၇၇ ယောက်ရှိကာ စီမံအုပ်ချုပ်အဖွဲ့ဖွဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။

"အစားအစာနဲ့ ပတ်သက်ပြီးတော့က ကလေးတွေက ပိုသိမှာ။ သူတို့က ကိုယ်တိုင်စားတဲ့ သူတွေကိုး။ ကျနော်တို့ကတော့ ည လာကြည့်ချိန်မလာလို့ မေးတော့ အော့အန်နေတယ်လို့ ပြောတာနဲ့သွားကြည့်။ တချို့က တော်တော်ဆိုးနေတာနဲ့ နီးစပ်ရာ မေတ္တာဦးဆေးရုံပို့။ တခါ ဆေးရုံက ကုတင် ၂၀၀ ဆေးရုံကို လွှဲလို့ အဲဒီကိုတော့ ရပ်ကွက်ထဲက လူမှုကူညီရေးကားနဲ့ ပို့ခဲ့တာ" လို့ အဆောင်မှုး ဦးထွန်းထွန်းအုန်းက ပြောပါတယ်။

ဂေဟာကိုတော့ မနက်ပိုင်းက ခရိုင်ကျန်းမာရေးအဖွဲ့ကနေ ဝင်ရောက် စစ်ဆေးတာတွေ ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။ ဂေဟာနဲ့ပတ်သက်ပြီး မြို့ခံတွေကြားမှာ ဝေဖန်မှုတချို့လည်း ရှိနေပြီး စုံစမ်းစစ်ဆေးပေးဖို့လည်း လိုလားနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013