DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်သမ္မတတွေ့ဆုံ၊ မြန်မာကို ယွမ်ငွေ သန်း ၁ဝဝဝ ကူညီပေးရေး ဆွေးနွေး
DVB
·
April 25, 2019
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်သမ္မတတွေ့ဆုံ၊ မြန်မာကို ယွမ်ငွေ သန်း ၁ဝဝဝ ကူညီပေးရေး ဆွေးနွေး
Donate to DVB

တရုတ်နိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံပြီး မြန်မာကို တရုတ်နိုင်ငံက ယွမ်ငွေသန်း ၁ဝဝဝ ကူညီထောက်ပံ့ပေးဖို့ အပါအ၀င် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ တွေ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ သမ္မတ ရှီကျင့်ဖျင် ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်တွေ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်မှာ ဧပြီ ၂၄ ရက် ညပိုင်းကတွေ့ဆုံပြီး နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပခဲ့တာလို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပါတယ်။

ဆွေးနွေးပွဲမှာ  ရပ်ဝန်းနဲ့ ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်ရေး မူဘောင် အောက်မှ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံပြည်သူတွေရဲ့ လူမှုဘဝမြှင့်တင်ရေးနဲ့ အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်ရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မြန်မာအစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို တရုတ်အစိုးရက ဆက်လက်အကူအညီပေးရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး နေရပ်စွန့်ခွာသူတွေ ပြန်လည်လ က်ခံရေးလုပ်ငန်းစဉ်အောင်မြင်ဖို့ တရုတ်အစိုးရက ဆက်လက်အကူအညီ ပေးရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမျက်နှာစာမှာ နှစ်နိုင်ငံ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ်(၇ဝ) ပြည့်မြောက်မယ့် ၂ဝ၂ဝ ပြည့်နှစ်မှာ နှစ်နိုင်ငံအကြား ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ သတင်းပြန်ကြားရေးလုပ်ငန်း၊ ယဉ်ကျေးမှု၊ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ကဏ္ဍ ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ တရုတ်အစိုးရက မြန်မာ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေနဲ့ နည်းပညာပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းတွေ အတွက် မြန်မာအစိုးရအား ယွမ် သန်း  ၁ဝဝဝ ကူညီထောက်ပံ့ပေးမယ့် ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း သမ္မတရုံး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တွေ့ဆုံပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်နဲ့ ဦးကျော်တင်၊ ဒုဝန်ကြီး ဦးအောင်ထူးနဲ့ ဦးဆက်အောင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ပေကျင်းမြို့မှာ ဧပြီ ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပမယ့် ဒုတိယအကြိမ်မြောက် ရပ်ဝန်းနဲ့ ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် တက်ရောက်ရန်ဖို့ တရုတ်နိုင်ငံမှာ ရောက်ရှိနေတာပါ။

တရုတ်နိုင်ငံ ခရီးစဉ်အပြီးမှာ ကမ္ဘောဒီးယားနိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီး ဆက်လက်သွားရောက်ဖို့ ရှိနေပါတယ်။

ဓာတ်ပုံ-သတင်းစဉ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013