DVB Logo
Home
မြန်မာသတင်း
မြစ်ဆုံကိစ္စ ပြည်သူ့ဆန္ဒအတိုင်းလုပ်ရင် လက်ရှိအစိုးရ သမိုင်းမှာအပြောမခံရနိုင်ဟု ကြံ့ခိုင်ရေးပါတီပြော
DVB
·
April 24, 2019
မြစ်ဆုံကိစ္စ ပြည်သူ့ဆန္ဒအတိုင်းလုပ်ရင် လက်ရှိအစိုးရ သမိုင်းမှာအပြောမခံရနိုင်ဟု ကြံ့ခိုင်ရေးပါတီပြော
Donate to DVB

မြစ်ဆုံစီမံကိန်းကို ပြည်သူ့ဆန္ဒအတိုင်းသာ လုပ်ဆောင်မယ်ဆိုရင် အန်အယ်လ်ဒီ အစိုးရအနေနဲ့ သမိုင်းမှာ အပြောခံရဖို့ မရှိနိုင်ဘူးလို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြောကြားလိုက်ပါတယ်။

မြစ်ဆုံစီမံကိန်း ပြန်စဖို့  တရုတ်အစိုးရအနေနဲ့ ဖိအားပေးလုပ်ဆောင်ဖို့ ကြိုးစားလာတဲ့ အတွက် မြန်မာပြည်သူတွေအကြားမှာ စိုးရိမ်မှုတွေဖြစ်ပေါ်နေပြီး စီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းရေး လှုပ်ရှားမှုတွေ ရှိလာနေသလို ဧရာဝတီကိုပြန်ရွေးယူဖို့ဆိုတဲ့ လှုပ်ရှားမှုတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။

ကြံ့ခိုင်ရေးပါတီကလည်း အစိုးရအနေနဲ့ မြစ်ဆုံစီမံကိန်းလုပ်ငန်း ဆောင်ရွက်ပါက ဖြစ်ပေါ် လာနိုင်တဲ့ ကောင်းကျိုးဆိုးပစ်တွေနဲ့ စီမံကိန်းပယ်ဖျက်လိုက်တဲ့အတွက် ဖြစ်ပေါ်လာနိုင်တဲ့ ကောင်းကျိုးဆိုးပစ်တွေကို ပွင့်လင်းစွာ ချပြပြီး အများပြည်သူ ဆန္ဒအတိုင်း လုပ်ဆောင်သင့် တယ်လို့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

“ဒီမြစ်ဆုံ စီမံကိန်း လုပ်မယ်ဆိုရင် ဒီနိုင်ငံအတွက် ကောင်းကျိုးတွေရှိနိုင်သလို၊ ကျနော်တို့ ပေးဆပ်ရမယ့်ဟာတွေလည်း ရှိနိုင်တယ်။ ဆိုတာက အကျိုးအပစ်ကို သေခြာစိစစ်ပြီးတော့မှ အစိုးရတရပ်ထဲ ဆုံးဖြတ်လို့မရတဲ့ အားလုံးကိုသာ ပွင့်ပွင့်လင်းလင်းချပြပြီးတော့ ပြည်သူ့ဆန္ဒသာ တောင်းခံပြီးတော့ လုပ်လိုက်မယ်ဆိုရင် သမိုင်းမှာ အပြောခံရဖို့ မရှိဘူးလို့ ထင်တယ်” လို့ ဆိုပါတယ်။

မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တဲ့ ပြည်သူတွေရဲ့ လှုပ်ရှားမှုတွေအပေါ်မှာတော့ လက်ရှိ အာဏရပါတီဖြစ်တဲ့ အန်အယ်လ်ဒီ ပါတီအနေနဲ့ စိစစ်မှုတွေ ပြုလုပ်နေပြီး အစိုးရအဖွဲ့အနေနဲ့ ဆုံးဖြတ်ပြီးပါက တာဝန်ယူမှုအပြည့်နဲ့ ပြည်သူတွေကို ရှင်းလင်းတင်ပြသွားမှာ ဖြစ်တယ်လို့ အန်အယ်လ်ဒီ ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ဟောင်း သူရဦးရွှေမန်းကတော့ အန်အယ်လ်ဒီ အစိုးရအနေနဲ့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး စနစ်တကျ လေ့လာစိစစ်နေတာဖြစ်တဲ့အတွက် အကောင်းဆုံး အဖြေတစ်ခုကိုတော့ ချမှတ်နိုင်လိမ့်မယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းခန့်ဟာ ဧရာဝတီမြစ်အပေါ် မှီခိုနေထိုင်နေကြတာ ဖြစ်တဲ့အတွက် မြစ်ဆုံဆည်တည်ဆောက်ပါက သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်တာ၊ နိုင်ငံတော် ရဲ့ အချုပ်အချာ အာဏာအပေါ် ထိခိုက်နိုင်တာ၊ လယ်ယာမြေတွေ ပျက်စီးနိုင်တာတွေကြောင့် ဆက်လက်မလုပ်ဆောင်ဖို့ ပညာရှင်တွေက တိုက်တွန်းထားသလို ပြည်သူတွေအကြားမှာလည်း စိုးရိမ်နေကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013