DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးမြို့နယ်ထဲက သိမ်းဆည်းခံလယ်မြေ ဧက ၁၀၀၀ ကျော်ပြဿနာ မဖြေရှင်းနိုင်သေး
DVB
·
April 24, 2019
တိုက်ကြီးမြို့နယ်ထဲက သိမ်းဆည်းခံလယ်မြေ ဧက ၁၀၀၀ ကျော်ပြဿနာ မဖြေရှင်းနိုင်သေး
Donate to DVB

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ထဲက သိမ်းဆည်းခံထားရတဲ့ လယ်မြေတွေကို နိုင်ငံတော်အဆင့်ထိ တင်ပြတောင်းဆိုခဲ့ပေမယ့်လည်း ခုချိန်ထိထူးခြားမှုမရှိဘူးလို့ လယ်မြေ သိမ်းဆည်းခံ တောင်သူတွေက ဒီဗွီဘီကိုပြောပါတယ်။

တိုက်ကြီးမြို့နယ်ထဲက ကျေးရွာအုပ်စု ၅ အုပ်စု၊ ကျေးရွာပေါင်း ၁၁ ရွာက တောင်သူ ၁၀၀ ကျော်ပိုင်ဆိုင်တဲ့ လယ်မြေ ၁၁၈၄ ဧကကို  လွန်ခဲ့တဲ့ ၁၈ နှစ်လောက်ကတည်းက သိမ်းဆည်း ခံထားရတာပါ။

ငနီကျေးရွာတောင်သူဦးမြတ်စိုးက “၂၀၀၁ ခုနှစ်မှာ ဦးဂျာလား၊ ဦးစိုင်းတင်ဝင်း၊ ဒေါက်တာ မြင့်အောင်တို့က ကျနော်တို့စိုက်ပျိုးထားတဲ့ လယ်တွေထဲကို အလံတိုင်တွေ လာစိုက်တယ်၊ ပြီးတော့ ကားတွေနဲ့လာပြီး ကန်တွေတူးတယ်။ တောင်သူတွေစိုက်ပျိုးထားတဲ့ စပါးခင်းနဲ့ မတ်ပဲခင်းတွေ ပျက်စီးခဲ့တယ်။ ၂၀၁၃ ခုနှစ်က သိမ်းဆည်းခံ လယ်မြေတွေကို ပြန်ပေးမယ် ပြောလို့ ကျနော်တို့စာတင်တယ်။ ဦးအောင်သိန်းလင်းနဲ့ အခုအမတ်ကြီး ဦးကျော်မြင့်တို့ ကိုယ်တိုင်ကွင်းထဲအထိဆင်းလာပြီး စစ်ဆေးတယ်။ ဦးအောင်သိန်းလင်း ရုံးခန်းအထိခေါ်ပြီး ပြန်ပေးဖို့ ဌာနဆိုင်ရာ ၁၄ ခုကို ပို့ထားတယ်ပြောခဲ့တယ်။ အခုအစိုးရလက်ထက်မှာ ဒုသမ္မအထိတင်တယ်။ ပြန်လည်စိစစ်ပေးဖို့ စာတွေလည်းကျလာတယ်။ တိုင်း/ခရိုင်/မြို့နယ် လယ်/စစ်တွေလာစစ်တယ်။ ၂၀၁၈ ခုနှစ် ၇ လပိုင်းမှာတိုင်းအဆင့်လယ်/စစ်အဖွဲ့က ရန်ကုန် အထိခေါ်ပြီး အခွန်ပြေစာရှိတဲ့ တောင်သူတွေကို အမြန်ဆုံးပြန်ရအောင် လုပ်ပေးမယ်။ ပြေစာအခွန်မရှိတဲ့သူတွေကို နောက်တမျိုး စီစဉ်ပေးမယ်ပြောခဲ့တယ်။ ခုချိန်ထိတော့ ဘာမှာဖြစ်မလာဘူး"လို့ ပြောပါတယ်။

အသိမ်းဆည်းခံတောင်သူတဦးက “ကျနော်တို့ကမြေတွေလည်း အသိမ်းခံရတယ်။ အခု သူတို့က ငါးကန်တွေကို ပြန်ငှားစားတယ်။ တနှစ်ကို ၁၀ ဧက ကန်တလုံးကို သိန်း ၅၀ ကနေသိန်း ၆၀ ကျော်အထိ ပေးလုပ်ရတယ်။ ကျနော်တို့တောင်သူတွေက မိအေးနှစ်ခါနာမကတော့ဘူး သုံးခါနာဖြစ်နေပြီ။ ကျနော်တို့ကို မြေကိုပြန်လိုချင်တယ်။ ဒါမှမဟုတ် လျော်ကြေးပေး စေချင်တယ်"လို့ပြောပါတယ်။

တောင်သူတွေရဲ့ တိုင်ကြားချက်ကို စစ်ဆေးဆောင်ရွက်တာတွေလုပ်ပြီး မြို့နယ်အဆင့်အထိ တင်ပေးထားတယ်၊ မနှစ်ကတော့ တောင်သူတွေကို မြေပြန်မရရင်တောင် လျော်ကြေးပေးမယ်လို့ပြောထားပေမယ့်  ခုချိန်ထိတော့ မထူးသေးဘူးလို့ ကလောသော့ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆန်းလှိုင်ကပြောပါတယ်။

"တောင်သူတွေတိုင်လို့ လုပ်ငန်းရှင်တွေကို ကျနော်တို့စစ်ဆေးတော့ သူတို့မတရားသိမ်းတာ မဟုတ်ဘူး။ အစိုးရက အိုင်ကလောင်မွေးမြူရေးဇုန်အဖြစ် ချပေးလို့လုပ်တာလို့ပြောတယ်။ မွေးမြူရေးဇုန်အဖြစ် ၂၀၀၀ ခုနှစ်ကချထားပေးတယ်လို့ သိရတယ်။ ဘယ်လောက်အထိ ချထားဆိုတာတော့ မသိဘူး။ ဦးစိုင်းတင်ဝင်းကို လုပ်ပိုင်ခွင့်ပေးထားတာက ဧက ၆၀၀ ကျော် ကျန်တဲ့သူတွေလည်း ဧက ၆၅၀ ခန့်ရှိမယ်။"

အိုင်ကလောင်ကျွန်း သား/ငါးမွေးမြူရေးဇုန်အဖြစ် ၂၀၀၀ ခုနှစ်က နိုင်ငံတော်က ချထားပေးခဲ့တာလို့သိရပါတယ်။

လုပ်ငန်းရှင်တွေက ငါးကန်တကန်ကို ၁၀ ဧက ကနေ ၃၆၀ ဧကအထိငါးကန်ပေါင်း ၆၀ ကျော်တူးဖော်ထားပြီး တောင်သူတွေကို ကန်အကြီး/အသေး ပေါ်မူတည်ပြီးတနှစ်ကို ကျပ် ၁၀ သိန်းကနေ သိန်း ၁၀၀ အထိအငှားချပြီး လုပ်ကိုင်စေခဲ့တာ ဖြစ်ပါတယ်။

ငါးကန်ဘောင်တွေ တူးဖော်ခဲ့တဲ့အတွက် ကျေးရွာတွေမှာ နှစ်စဉ်ရေကြီးရေလျှံ တာတွေ ခံစားနေရတယ်လို့ ကျေးရွာတောင်သူတွေထံက ပြောပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013