DVB Logo
Home
Lead Story
ငြိမ်းချမ်းရေးရှာပုံတော်သစ် (အယ်ဒီတာအာဘော်)
DVB
·
April 24, 2019
ငြိမ်းချမ်းရေးရှာပုံတော်သစ် (အယ်ဒီတာအာဘော်)
Donate to DVB

ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ဦးစားပေးဆောင်ရွက်မည်ဟု အန်အယ်လ်ဒီအစိုးရက ကြွေးကြော်ခဲ့ပြီး ၃ နှစ်အကြာတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ရပ်တန့်နေသည်ကို တွေ့ရသည်။

အန်အယ်လ်ဒီအစိုးရ လက်ထက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) သုံးကြိမ်ကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စုသဘောတူညီချက် ၅၁ ချက် ရရှိထားသည်။ သို့သော် အဆိုပါသဘောတူညီချက်များတွင် အရေးကြီးသည့် နိုင်ငံရေးဆိုင်ရာ၊ လုံခြုံရေးဆိုင်ရာ သဘောတူညီချက်များ မပါဝင်သေးပါ။

၂၀၁၈ နှစ်ကုန်ပိုင်းနှင့် ၂၀၁၉ ခုနှစ်အတွင်း ပင်လုံညီလာခံ သုံးကြိမ်ထပ်လုပ်ရန် အစိုးရက ရည်မှန်းခဲ့သော်လည်း လတ်တလောတွင် တရားဝင် နိုင်ငံရေးဆွေးနွေးပွဲများပင် မစတင်နိုင်သေးပေ။

တိုးတက်မှုတစုံတရာအနေဖြင့် အန်အယ်လ်ဒီအစိုးရ လက်ထက်တွင် မွန်နှင့် လားဟူ လက်နက်ကိုင်နှစ်ဖွဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) တွင် လက်မှတ်ထိုးလာကြသဖြင့် အပစ်ရပ်စာချုပ်တွင် ပါဝင်လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အရေအတွက် ၁၀ ဖွဲ့ ရှိလာသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ရပ်တန့်နေရခြင်း အကြောင်းရင်းများကို ရှာဖွေကြည့်လျှင် ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားတပ်ဖွဲ့ အသီးသီးက ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲအပြီး ရပ်တန့်သွားခြင်းဖြစ်ကြောင်း တွေ့ရသည်။

ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးအပြီး မကြာမတင်ကာလမှာပင် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က နိုင်ငံရေးဆွေးနွေးမှုများမှ ခေတ္တရပ်နားကြောင်း ကြေညာခဲ့သည်။

မရှေးမနှောင်းမှာပင် အန်စီအေ လက်မှတ်ထိုးအဖွဲ့တဖွဲ့ဖြစ်သည့် RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ကပါ စစ်ရေးဆိုင်ရာ ဆွေးနွေးပွဲများက နုတ်ထွက်ခဲ့ပြန်သည်။

အဆိုပါ တပ်ဖွဲ့နှစ်ခုကပင် အန်စီအေစာချုပ်ကို စွန့်ခွာလိုသည့် သဘောထားမှတ်ချက်များ ထုတ်ဖော်ပြောကြားခဲ့ပြီးသည့်နောက် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် တရားဝင်ဆွေးနွေးပွဲများ ရပ်တန့်သွားတော့သည်။

ဒီအတောအတွင်း ငြိမ်းချမ်းရေးကော်မရှင်သည် ကေအန်ယူ၊ ကေအန်ပီပီ၊ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များနှင့် အလွတ်သဘော ဆွေးနွေးခဲ့ကြသည်။

ကေအန်ယူ၊ ကေအန်ပီပီတို့နှင့် တရားဝင်ဆွေးနွေးပွဲအထိ တက်လှမ်းနိုင်ခဲ့ပြီး ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) အန်စီအေစာချုပ်တွင် လက်မှတ်ထိုးမည်ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

ခြုံကြည့်လျှင် အပစ်ရပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နှင့်ရော၊ အပစ်ရပ်စာချုပ်တွင် လက်မှတ်မထိုးရသေးသည့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၇ ဖွဲ့နှင့်ပါ တရားဝင်ဆွေးနွေးပွဲများ ပြန်လည်ကျင်းပနိုင်ခြင်း မရှိသေးပေ။

လတ်တလော ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်မတော် (အေအေ) နှင့် တပ်မတော်အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး သမ္မတရုံး ပြောခွင့်ရသူက ရခိုင်တိုက်ပွဲ ရှည်ကြာနိုင်သည်ဟု မှတ်ချက်ပေး ပြောကြားထားသည်။

၂၀၁၈ ခုနှစ် မတ်လတွင် သမ္မတသစ် ဦးဝင်းမြင့် တက်လာသည့်အခါ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဒုတိယအဆင့်သို့ လျှော့ချလိုက်သည်။

သမ္မတ ဦးဝင်းမြင့်က ပြည်ထောင်စုလွှတ်တော် ကတိသစ္စာပြုပွဲ အခမ်းအနားတွင် အောက်ပါအတိုင်း ပြောကြားခဲ့သည်။

“ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဦးစားပေး ရည်မှန်းချက်ပန်းတိုင်တွေ ဖြစ်တဲ့

(၁)    တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူများရဲ့ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေး၊

(၂)    အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊

(၃)    ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ် ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး

တို့ကို ဦးတည်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း မကြာသေးခင်က ကျင်းပခဲ့သည့် ‘ဝ’ပြည်နယ် ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားသို့ သဝဏ်လွှာပေးပို့ကာ အန်စီအေကို လက်မှတ်ထိုးကြရန် တိုက်တွန်းသည်။ သို့သော် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင် အင်အားအတောင့်တင်းဆုံးဖြစ်သည့် ‘ဝ’ တပ်ဖွဲ့ကတော့ အန်စီအေစာချုပ်တွင် လက်မှတ်မထိုးဟု ပြောထားသည်။

မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကား မျှော်လေတိုင်းဝေးဟု ဆိုရမလို ငြိမ်းချမ်းရေး ရှာပုံတော်သစ်ဖွင့်ရန် လိုပြီလားဟုလည်း စောကြောမိသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013